Friday 26 October 2012

အနောက်ဘက် နယ်စပ် မြန်မာဘက်က လုံခြုံရေး အနည်းငယ် တိုးမြှင့်

October 26, 2012

ဘင်္ဂလားဒေခ်ျ့ နှင့် နယ်စပ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ အနောက်ဘက်နယ် စပ် မောင်တောဒေသ တွင် မြန်မာ ဘက်မှလည်း ဆူပူများကြောင့် နယ်စပ် လုံခြုံရေးကို ယခင်ကထက် အနည်းငယ် တိုးမြှင့်ထား သည် ဟု သတင်း ရရှိသည်။

“ဇွန်လ အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းက မောင်တောဘက်မှာ စစ်တပ်အင်အား ၇၀၀ခန့် ချထား တယ်။ ဒီလ အောက်တိုဘာ၂၁ ရက်နေ့က စတဲ့ အရေးအခင်း နောက်ပိုင်းမှာ နောက်ထပ် အင်အား ၃၀၀ ခန့် တိုးချဲ့ ချပါတယ်။ အခုလောလောဆယ်ဆယ်မှာ စုစုပေါင်း စစ်တပ် အင်အား ၁၀၀၀ခန့် ရှိနိုင်ပါတယ်” ဟု စစ် ဘက်နှင့် နီးစပ်သူ မောင်တောမြို့ခံတဦးက နိရဉ္စရာသို့ ပြောသည်။

ယခုတိုးချဲ့ချလာသည့် တပ်ရင်းများမှာ ဘူးသီးတောင် အခြေစိုက် ခမရ (၃၅၄)နှင့် ကျောက်တော် အခြေစိုက် (၃၇၄) တို့ ဖြစ်သည်ဟု သိရသည်။

တိုးချဲ့ စစ်တပ် အင်အားကို မောင်တောတောင်ပိုင်း နယ်မြေ(၁) အင်ဒူလာနှင့် ဘော်ဒူလာ၊ (၂) အောင် သပြေ (၃) တောင်ပြို ဒေသများ တို့တွင် တိုးချဲ့ချထားသည်ဟု ဆိုသည်။ တောင်ပြို၌ ဗျူဟာမှူး အဖြစ် ဗိုလ်မှူး သော်ဒါထွေးမှ ယာယီ တာဝန်မှူး အဖြစ် တာဝန် ယူထားသည်ဟု သိရသည်။

ဘူးသီးတောင် လုံထိန်း တပ်ရင် (၁၀)မှ တပ်ဖွဲ့များကို မောင်တောမြို့နယ်ရှိ နယ်မြေ (၇)အလယ်သံကျော်၊ (၈) မြင်းလွတ်၊ (၉)အင်းဒင်၊ (၁၀) ကိုးဒန်ကောက်၊ (၁၁) အငုံမော်ဒေသတို့တွင် တိုးချဲ့ ချထားသည်ဟု ဆိုသည်။

နေပြည်တော်မှ တိုက်ရိုက် ဆင်းလာသည့် (စရဖ) တပ်ဖွဲ့မှ တပ်သားများကို နစက နယ်မြေတခုလျှင်(၅) ဦးစီ ခွဲဝေချထားသည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနှံ့ ဆူပူမူများ ဖြစ်ပေါ်နေသဖြင့် မောင်တောမြို့ တောင်ပိုင်း ဖက်ဝန်းချောင်း၊ ခြံပြင်၊ ကပ် ပကောင်း၊ စံပါယ်ပင်ရင်း၊ သရက်အုပ်၊ သရက်တောင်တို့မှ မစွမ်ပြင်း သူများ၊ ကိုယ်ဝန်သည်များ၊ အသက် အရွယ်ကြီးရင့်နေသူများနှင့်ကလေးသူငယ်များတို့ကို လွန်ခဲ့သည့် ရက်အနည်းငယ်က စပြီး  မောင်တောမြို့ ထဲ သို့ ပြောင်းရွှေ့ လာခဲ့သည်ဟု သိရသည်။

“ ဟုတ်တယ်။ အခုက အစ္စလာမ်ဘာသာတို့ ဆင်နွဲမယ့် အိဒ်ပွဲအတွင်း တခုခုဖြစ်လာနိုင် တယ်ဆို တဲ့ ကောလဟလ ဖြစ်နေတဲ့သတင်း ကြောင့် ဒေသအာဏာပိုင်တပ်ဖွဲ့တွေက ရွာတွေကို အသိပေးလို့ ခုလို လုံခြုံရေးနဲ့ ဝေးလန်ခေါင်းပါးတဲ့ ကျေးရွာ တွေကနေ မသန်စွမ်းတဲ့ လူတွေနဲ့ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ ကို မြို့ပေါ်ကို ပို့ထားတာဖြစ်တယ်လို့ သိရပါတယ်” ဟု မောင်တောမြို့ခံ အမျိုးသမီး ကြီးတဦးက ပြောသည်။

မောင်တောမြို့ပေါ်သို့ ရောက်ရှိလာသူများကို မောင်တော ရပ်ကွက် အမှတ် (၃) စာသင်ကျောင်း ၌ နေရာချထားပေးထားပြီး အရေအတွက်မှာ ၇၀ နီးပါးခန့် ရှိကြောင်း သိရသည်။ တချို့သူများမှာ ၎င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေကြသည်ဟု သိရသည်။

အောက်တိုဘာ ၂၁ရက်နေ့က ရခိုင်ပြည်နယ် အတွင်း စတင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် ယခု အခါ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ အတွင်း သွားလာနေသည့် ငါးဘုတ်၊ သစ်ဘုတ်၊ ဆန်ဘုတ်များ ၀င်ထွက် သွားလာမူ ရပ်တန့် သွားခဲ့ရပြီး နှစ်နိုင်ငံအကြား နယ်စပ်ကိုလည်း မနက်ဖြန်တွင် စတင် ပိတ်မည်ဟု သိရှိရသည်။
 
ref:နိရဉ္စရာ

No comments:

Post a Comment