Wednesday 10 October 2012

Apple ၏ မြေပုံ Software က စစ်ဘက်ဆိုင်ရာ အချက်အလက်ပေါက်ကြားစေဟုဆို


Appleကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်သည့် မြေပုံ Softwareသည် စစ်ဘက်ဆိုင်ရာ အချက်အလက်များ ကို ပေါက်ကြားစေကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားလိုက်သည်။ Appleက iPhone 5နှင့်အတူ မိတ်ဆက်  ပြသလိုက်သော မြေပုံ စနစ်အရ စစ်စခန်းများ၏ တည်နေပုံကို အလွန်ကြည်လင် ပြတ် သားသော Resolutionမျိုးနှင့် တွေ့မြင်နေရကြောင်း ထိုင်ဝမ် အစိုးရ တာဝန်ရှိသူများက ဆိုသည်။ Googleသည်လည်း မြေပုံစနစ် Softwareကို ထုတ်ဝေခဲ့သည့်တိုင် စစ်အခြေစိုက် စခန်းများ တည်ရှိသည့် နေရာတွင် မှုန်ဝါးပေးထားသည်။ အစောပိုင်းက Apple၏ မြေပုံစနစ်သည် ကြည်လင် ပြတ်သားမှု မရှိဆိုသော ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တမင်ပင် မှုန်ဝါးပေးရန် တောင်းဆိုမှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။



(ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူဒေသရှိနေရာများအား Apple မြေပုံစနစ်တွင် မြင်တွေ့ရပုံ)


အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီးသည် အစောပိုင်းက မြေပုံစနစ်တွင် ပုံအရည်အသွေး ညံ့ဖျင်းမှုများအတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ထို့အပြင် လမ်းများ၊ မြို့နယ်များကို အပေါ်စီးမှ ရိုက်ကူးထားရာတွင် တိမ်ထုများကို မဖောက်ထွင်းနိုင်သဖြင့်လည်း ဝေဖန်မှုများ ထွက်ပေါ် ခဲ့သည်။ ယခုအခါတွင်မူ ထိုင်ဝမ် အစိုးရ တာဝန်ရှိသူများက နိုင်ငံအတွင်းရှိ စစ်စခန်းများ တည်နေပုံကို iPhone 5 အသုံးပြုသူများက လွတ်လပ် ရှင်းလင်းစွာ မြင်တွေ့နေရခြင်းကြောင့် Appleအား ယင်းအခြေအနေကို ပြင်ဆင်ပေးရန် တောင်းဆိုလာခြင်း ဖြစ်သည်။



(ဆင်ချူတွင် စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်နေသည့် ထိုင်ဝမ်စစ်တပ်မှ တင့်ကားများ)

နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူ တာဝေးထောက်လှမ်းရေး ရေဒါစခန်းသည် စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက် တည်နေရာအဖြစ် သတ်မှတ်ထားသော်လည်း iPhone 5တွင် ရှင်းလင်းစွာ မြင်နေရသည်။ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ်လိုက ပုဂ္ဂလိက ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ Appleကို ဆက်သွယ်ပြီး စစ်စခန်းတွေရဲ့ မြေပုံမှာ Resolution လျှော့ပေးဖို့ပဲ တောင်းဆိုထားရပါတယ်"ဟု ပြောကြားသွားသည်။



(ဝေဖန်မှုများကြုံခဲ့ရသည့် Apple မြေပုံစနစ်နှင့် Google မြေပုံစနစ်ကို နှိုင်းယှဉ်ပြသထားစဉ်)

ဆင်ချူ ရေဒါစခန်းသည် ရှည်လျားဝေးလံသော အကွာအဝေးထိ ထောက်လှမ်းနိုင်သည့် မဟာဗျူ ဟာမြောက် စစ်အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး (၂၀၀၃)ခုနှစ်က အမေရိကန်က စတင် တည်ဆောက်ပေး ခဲ့သည်။ လက်ရှိတွင် ရေဒါစခန်းကို အပြီးသတ် တည်ဆောက်နေဆဲဖြစ်ပြီး ယခုနှစ်ကုန်တွင် အပြီးသတ် မည် ဖြစ်သည်။ အဆိုပါ စစ်စခန်းအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ (၁.၂၃)ဘီလျံမျှ ရှိနေပြီး တ ရုတ်နိုင်ငံ က ထိုင်ဝမ်အား ဒုံးကျည်နှင့် တိုက်ခိုက်လာနိုင်သည့် အခြေအနေကို စက္ကန့်မ လပ် ထောက် လှမ်းပေးနိုင်မည်ဟု သိရှိရသည်။

Source: DailyMail

1 comment: