Sunday 9 September 2012

ပုဂ္ဂလိက၀န်ထမ်းများပါ သက်ကြီး ပင်စင်လစာ ခံစားခွင့် ရရှိမည့် လူမှုဖူလုံရေး နည်းဥပဒေ(မူကြမ်း) ရေးဆွဲလျက်ရှိ၊ ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်းသိရ



လူတိုင်းသက်ကြီး ပင်စင်လစာ ခံစားခွင့်အပြင် အခြားအာမခံစနစ်များ ပါဝင်သည့် လူမှုဖူလုံရေး နည်းဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပြီး ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်း သိရသည်။
လူတိုင်းပင်စင်လစာ ခံစားခွင့်ဆိုသည်မှာ ယခင်က သက်ကြီးပင်စင် လစာအား အစိုးရ၀န်ထမ်းများကသာ ခံစားခွင့်ရရှိသော်လည်း လူမှုဖူလုံ ရေးဥပဒေသစ်အရအစိုးဝန်ထမ်းများ သာမက ပုဂ္ဂလိက၀န်ထမ်းများပါ ပင်စင်လစာခံစားရရှိမည်ဖြစ်သည်။

လူမှုဖူလုံရေးဥပဒေသစ်အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတော်သမ္မတက အတည်ပြု ခဲ့ပြီးဖြစ်ပြီး အဆိုပါဥပဒေကိုအ ကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှု့ဖူလုံရေးနည်းဥပဒေများ(မှုကြမ်း) ကိုပြုစုရေးဆွဲလျက်ရှိသည်။

“ဒီဥပဒေကိုအကောင်အထည် ဖော်ဖို့ကအချိန်တစ်နှစ်လောက်ယူရ ဦးမှာပါ။ ဥပဒေကို စတင်ကျင့်သုံး ပြီဆိုရင်လည်းအရင်ရှိပြီးသားဥပဒေ နှစ်ရပ်ကိုအရင် အကောင်အထည်ဖော် သွားမှာ၊ ကျန်တဲ့အသစ် ထည့်တိုးတဲ့ အာမခံစနစ်သုံးခုထဲက နှစ်ခုကမ၀င် မနေရထည့်ဝင်ရမှာ ဖြစ်ပေမယ့်ခေတ် အခြေအနေ အရ ပြည်သူတွေအတွက် အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့်ဒါကို ချက်ချင်း အကောင်အထည်   ဖော်သွားမှာ မဟုတ်ပါဘူး။ အဲဒီ အာမခံစနစ်နှစ်ခုကိုတော့ ပြည်တွေ က လက်ခံယုံကြည်လာမယ်၊   တောင်းဆိုလာမယ်ဆိုမှ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာ၊ နောက်ဆုံးအာမခံ စနစ်ဖြစ်တဲ့ အိမ်ရာစီမံကိန်းကတော့ ပြည်သူတွေ ဆန္ဒအလျောက်ပါပဲ၊ မ၀င် မနေရ မဟုတ်ပါဘူး”ဟု လူမှုဖူလုံရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောပါသည်။

လူမှုဖူလုံရေး ဥပဒေသစ်တွင် မူလရှိရင်းစွဲ ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ် (မမာမကျန်းမှု၊ မီးဖွားမှု၊ သေဆုံးမှုနာရေးစရိတ်) နှင့်အလုပ်တွင် ထိခိုက်မှုအာမခံစနစ် နှစ်ရပ်အပြင် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက်ကြီးပင်စင်၊ ကျန်ရစ်သူအကျိုး ခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်၊ အခြား လူမှုဖူလုံရေးအာမခံစနစ် (အိမ်ရာ စီမံကိန်း)ဟူ၍ အာမခံစနစ်သစ်သုံး ရပ်ကို တိုးချဲ့ထည့်သွင်းပြဋ္ဌာန်းထား ကြောင်း သိရသည်။

ထည့်ဝင်ကြေး ကောက်ခံရာတွင်လည်း အလုပ်သမားများ အမှန်တကယ် ရှိနေသော လုပ်ခလစာအပေါ် အခြေခံ၍ ကောက်ခံသွားမည်ဖြစ်ပြီး ထည့်ဝင်ကြေးထည့်သွင်းရာတွင် ယခင်ရှိရင်း စွဲဖြစ်သော ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်နှင့် အလုပ်သမားမှ လစာ ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းစီဆတူ ထည့်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းခွင် ထိခိုက်မှု အာမခံစနစ်အတွက်မူ အလုပ်သမားမှ ထည့်ဝင်ကြေးငွေထည့်ဝင်ရန် မလိုဘဲ အလုပ်ရှင်ကသာ တစ်ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်သည်။

ယင်းအားမခံ စနစ်နှစ်မျိုးအပြင် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက် ကြီးပင်စင်၊ ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ သုံးရာခိုင်နှုန်း၊ အလုပ်သမားမှ သုံးရာခိုင်နှုန်းစီ ထပ်မံထည့်ဝင် ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံရေးနည်း ဥပဒေ(မူကြမ်း)ကို ဆက်လက်ပြုပြင်ရေး ဆွဲမည်ဖြစ်ရာ www.ssbmyanmar. gov.mm တွင် ဖတ်ရှုနိုင်ပြီး အကြံပြုလိုပါက ၀၆၇-၄၃၀၁၀၅ သို့လည်း ကောင်း၊ ssbmyanmar51@gmail. com သို့လည်းကောင်း အကြံပြုချက်များ ပေးပို့နိုင်ကြောင်းလည်း သိရှိရ သည်။

ref:EMG

No comments:

Post a Comment