Sunday 9 September 2012

ဝါရှင်တန်သတင်းလောကအတွေ့အကြုံ (၁)


( သမ္မတဂျော့ဒဗလျူဘုရှ်  ၏ ပထမသက်တမ်းတွင်  အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Ari Fleisher က သူကအတွေ့အကြုံများကို Taking Heat အမည်ဖြင့်  စာအုပ်ထုတ်ဝေခဲ့သည်။  ဒီစာအုပ်ကို ၂၀၀၅ ခုနှစ်တွင်ကျွန်တော် ပြန်ကြားရေးဝန်ကြီးဌာန သို့ ပြောင်းရွှေ့သတင်းပို့ရန်အတွက် ရန်ကုန်သို့အလာ တောင်ကြီးမှာ ခေတ္တ ရောက်နေစဉ် စစ်တက္ကသိုလ်တက်ဘက် သူငယ်ချင်း ဗျူဟာမှူးက မင်း ပြန်ကြားရေးပြောင်းတော့မယ် ဆိုတော့ ဒီစာအုပ် ကို ဖတ်သင့်တယ်ဆိုပြီးလက်ဆောင်ပေးလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံတကာသတင်းမီဒီယာဆက်ဆံရေး နှင့်
ပတ်သက်ပြီး ကျွန်တော့်ကို ပထမဆုံးမိတ်ဆက်ပေးသည့်စာအုပ်လည်းဖြစ်သလို ယခုအထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ် သောစာအုပ် လည်း ဖြစ်ပါသည်။ ရီပတ်ဘလီကင်ပါတီဝင်တစ်ဦးရဲ့ အမြင်ဖြစ်သော်လည်း ဝါရှင်တန်သတင်းလောက မည်ကဲ့သို့ လည်ပတ်နေ  သိနိုင်ရန်အတွက် ထိုစာအုပ်မှ အခန်း လေး Bias ? ကို ဆီလျော်အောင် ဘာသာပြန်ဆိုတင်ပြအပ်ပါသည်။)


စာနယ်ဇင်းတွေနဲ့ ဆက်ဆံရတာမလွယ်ပါဘူး။ဒါပေမယ့် ကျွန်တော်တို့နိုင်ငံ လွတ်လပ်  တဲ့နိုင်ငံအဖြစ်ရပ်တည်နေနိုင်တာဟာလည်းလွတ်လပ်တဲ့စာနယ်ဇင်းတွေရဲ့ အကူအညီကြောင့်ပါပဲ။
Ari Fleisher
--------------------------------------------------------------------------------------------------------------------------------
ရီပတ်ဘလီကင်တွေ အထူးသဖြင့် ကွန်ဆာဗေးတစ်တွေက ဝါရှင်တန်က မီဒီယာသမားတွေဟာ လစ်ဘရယ် တွေ ဖြစ်ပြီး ဒီမိုကရက်ဘက်ကလိုက်တယ်။  ရီပတ်ဘလီကင်တွေရဲ့ မူဝါဒတွေကို အမြဲဆန့်ကျင်နေတယ်လို့ ယူဆကြတယ်။ ဒီစွတ်စွဲချက်မှာ အမှန်တရား နည်းနည်းပါးပါး ပါပေမယ့် လုံးဝမှန်တာတော့မဟုတ်ဘူး။ ဝါရှင်တန်က မီဒီယာတွေက ဘက်လိုက်တယ် ဆိုတာက အဓိက အားဖြင့် ပဋိပက္ခသတင်းတွေ၊ ဝိရေဓိသတင်းတွေကို ပိုပြီးကြိုက်တာမျိုးဖြစ်တယ်။ အထူးသဖြင့် အိမ်ဖြူတော်မှာ အမြဲသတင်းယူနေတဲ့ အိမ်ဖြူတော်သတင်းထောက်တွေက အဲဒါမျိုးပိုများတယ်။

            သတင်းသမားတွေက ပဋိပက္ခတွေ၊ ဝိရောဓိတွေကို ကြိုက်တယ်။ အဲဒါမျိုးတွေ့ရင် သတင်းအဖြစ်ဖန်တီးတယ်။ တကယ်လို့ အဲဒါတွေမရှိရင် တွေ့အောင်ရှာတယ်။ အစတစ်ခုတွေ့ရင် ဆက်တိုက်သတင်းဖော်ပြတာနဲ့ အဲဒါက ကိစ္စ အကြီးကြီးဖြစ်သွားတတ်တယ်။ ဘယ်ပါတီကဖြစ်ဖြစ် တစ်ယောက်ပြဿနာဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက သူ့ကို ထုတ်ပစ် မှာလားလို့မေးမယ်၊ မထုတ်ပါဘူးဆိုရင် ဘာ့ကြောင့်မထုတ်ရတာလည်းလို့ ထပ်မေးမယ်။ ဒါဟာ နိုင်ငံရေး သမားတွေတင်ရင်ဆိုင်ရတာ မဟုတ်ဘူး။ အားကစားအသင်းမန်နေဂျာတွေ၊ နည်းပြတွေ၊ အားကစားသမားတွေ၊ စီးပွားရေး သမားတွေ အားလုံး ပဋိပက္ခ ဗဟိုပြု သတင်းလိုက်တဲ့စနစ်နဲ့ ရင်ဆိုင်နေရတာပဲ။

            ဒါနဲ့ပတ်သက်ရင် သတင်းသမားတွေက ဘယ်ပါတီကိုမှ မညှာပါဘူး။ သမ္မတကလင်တန်ကိုလည်း သူ့ရဲ့ အရှုတ် ထုတ်တွေနဲ့ပတ်သက်ရင် မညှာမတာဝေဖန်ရေးသားခဲ့တာပါ။ တစ်ချို့နေရာကျတော့ ကလင်တန်ကိုရေးချင်ဇောများပြီး ဘက်လိုက်သလို၊ မမျှတသလိုဖြစ်သွားတယ်။ ဥပမာအားဖြင့် ၁၉၉၃ ခုနှစ် မေလမှာ ကလင်တန်က လော့စ်အင်ဂျလိစ် လေယာဉ်ကွင်းမှာ ရပ်ထားတဲ့သမ္မတရဲ့လေယာဉ်ပေါ်မှာ ဆံပင်ညှပ်တယ် ။အဲဒီအခါမှာ သတင်းစာတွေက သမ္မတဒီလို ဆံပင်ညှပ်နေတဲ့အတွက် လေယာဉ်ထွက်ချိန်တွေနောက်ကျရတယ်၊ ဆင်းမယ့်လေယာဉ်တွေမဆင်းနို်င်ပဲ ဝဲနေရတယ်ဆိုပြီး ဝေဖန်ရေးသားခဲ့ကြတယ်။

             ရုပ်သံသတင်းဌာနတွေကလည်း ဒီသတင်းကိုအကြီးအကျယ်လွှင့်တယ်။ နယူးယော့တိုင်းမ်၊    လော့စ်အင်ဂျလိ တိုင်းမ်၊ ဝါရှင်တန်ပို့စ်၊ ဘော့စတွန်ဂလုပ်၊ ဒါးလတ်စ်မနက်ခင်းသတင်းစာတွေက မျက်နှာဖုံးသတင်းအဖြစ်နဲ့ရေးတယ်။ အဲဒီသတင်းပါပြီးခြောက်ပတ်ကြာတော့   ပြည်ထောင် စုလေကြောင်းထိန်းသိမ်းရေးအဖွဲ့က သမ္မတဆံပင်ညှပ်နေတဲ့အတွက် ဘယ်လေယာဉ်မှ ရောက်ချိန်၊ ထွက်ချိန်နောက်ကျတာမရှိဘူး၊ ကွင်းအပေါ်မှာ ဝဲပြီးစောင့်နေရတာမရှိဘူး။ လေယာဉ် တစ်စင်းပဲ အခြားအကြောင်းကြောင့် နှစ်မိနစ်နောက်ကျခဲ့တယ်ဆိုပြီး အချက်အလက်မှတ် တမ်းတွေ ထုတ်ပြန်ပေးခဲ့တယ်။ ဒီလိုထုတ်ပြန်တာကလည်း Freedom of Information Act အရ Newsday သတင်းစာက တောင်းခံလို့ ထုတ်ပြန်ပေးခဲ့ တာပါ။ ဒါပေမယ့် အဲဒီသတင်းကို Newsday ၊ USA Today နဲ့ ဟူစတန်ခရောနီကယ်သတင်းစာတို့ကပဲ မူလသတင်းမှား ကြောင်းအပြည့်အစုံပြန်ဖော်ပြပေးခဲ့တယ်။ ဝါရှင်တန်ပို့စ်က တစ်ပိုဒ်စာသတင်းတိုလေးအဖြစ်ရေးတယ်။ ပထမသတင်းတုံး က အယ်ဒီတာ့ အာဘော်တောင်ရေးခဲ့တဲ့ နယူးယောက်တိုင်းမ်က ဘာမှမရေးဘူး။ အဓိကရုပ်သံဌာနသုံးခုကလည်း မသိချင် ယောင်ဆောင်နေတယ်။ ကျန်တဲ့သတင်းစာတွေ၊ ရုပ်သံလိုင်းတွေကလည်း ဒီလိုပဲ။

            ဘာကြောင့်အဲဒီလိုဖြစ်ရလည်းဆိုတော့ အိမ်ဖြူတော်သတင်းထောက်များက ပဋိပက္ခတွေ၊ ပြဿနာတွေကိုပဲ စိတ်ဝင်စားတယ်။ ပရိသတ်ကလည်းဒါမျိုးပဲကြိုက်တယ်။ အိမ်ဖြူတော်သတင်းထောက်တစ်ဦးအတွက် ရှုတ်ထွေးတဲ့ မူဝါဒ ဆိုင်ရာဆွေးနွေးမှုတွေကို သတင်းပို့ရတာထက် ပွဲဆူမယ့်သတင်းတွေကို ပြောရတာပိုကြိုက်တယ်။ ဒီလိုဖြစ်ရတာ  ၂၄ နာရီ ပတ်လုံးသတင်းထုတ်လွှင့်နေတဲ့ သတင်းဌာနတွေကြောင့်လည်း ပါတယ်။ အဲဒီသတင်းဌာနတွေက အယ်ဒီတာတွေက သူတို့ရဲ့ သတင်းထောက်တွေကို တစ်နေ့ ၁၂ ခါလောက် အိမ်ဖြူတော်မြက် ခင်းပြင်ကနေ နောက်ဆုံးသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ဖို့ ဖိအားပေးပြီးခိုင်းတယ်။ ဘာသတင်းမှမရှိလဲ နောက်ဆုံးအခြေအနေဆိုပြီး ပြောခိုင်းတာပဲ။ ဒီတော့ သတင်းထောက်တွေက လည်း ပြောစရာသတင်းရှာရတယ်။ အဲဒိအခါမှာ တစ်ယောက်က တစ်ယောက်ကို ဝေဖန်လိုက်ပြီ ဆိုတာနဲ့ အဲဒါသတင်းအဖြစ်တက်သွားတော့တာပါ။ တကယ်လို့ ကျွန်တော်က လွှတ်တော်နဲ့ပတ်သက်ပြီး   ဝေဖန်ချက် တစ်ခုခုပြောလိုက်တာနဲ့ အဲဒါက ချက်ခြင်းသတင်းဖြစ်သွားတော့မှာသေချာတယ်။ သမ္မတဘုရှ် တာဝန်ယူပြီးခြောက်လ လောက်အထိ အိမ်ဖြူတော်သတင်းထောက်တွေက ကျွန်တော့်ကို သမ္မတဟောင်း ကလင်တန်နဲ့ ထိပ်တိုက်တွေ့အောင် မေးခွန်းတွေမေးခဲ့ဖူးတယ်။ ကျွန်တော်ကတော့ ဘုရှ်အနေနဲ့ အတိတ်ကို ပြန်ကြည့်ဖို့ထက် ရှေ့ဆက်ဖို့ပဲ စိတ်ဝင်စားတယ် ဆိုပြီး အမြဲရှောင် ထွက်ခဲ့ရတယ်။ သတင်းထောက်တွေအနေနဲ့ အဲဒီလို ပွဲဆူမယ့် ပဋိပက္ခသတင်းမျိုးတွေကိုပဲ စိတ်ဝင်စား တဲ့အတွက် တကယ် အရေးကြီးတဲ့သတင်းတွေလွတ်သွားတာမျိုး၊ ဦးစားပေးမခံရတာ မျိုးတွေဖြစ်လာ ပါတယ်။

            နောက်ထပ်ဘက်လိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုကတော့ သတင်းထောက်တွေရဲ့ ကိုယ်ပိုင်အတွေး အမြင်၊ အယူအဆတွေ၊ နိုင်ငံရေးသဘောတရားတွေပဲ။ ၁၉၉၈ မတ်လ  ကျွန်တော် အောက်လွှတ်တော် အခွန်နဲ့ ငွေကြေးကော်မတီမှာ ပြည်သူ့ဆက်ဆံရေးအရာရှိအဖြစ် တာဝန်ယူနေတုံး ကိုလံဘီယာတက္ကသိုလ် သတင်းစာသင်တန်း ကျောင်းက ကျောင်းသား ၁၂ ယောက် လေ့လာရေးခရီးရောက်လာတယ်။ ကျွန်တော့်က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ တာဝန်နဲ့ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရပုံတွေကို ရှင်းပြပြီးတဲ့နောက် သိချင်တာနဲ့ ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးသလဲလို့မေးကြည့်တော့ ၁၁ ယောက်က ကလင်တန်ကို မဲပေးခဲ့ပြီး နောက်တစ် ယောက်ကတော့ လစ်ဘရယ် တစ်သီးပုဂ္ဂလသမ္မတလောင်း Ralph Nader ကို မဲပေးခဲ့တယ်လို့ ပြောတယ်။

            သတင်းထောက်တွေကတော့ သူတို့ကိုယ်ပိုင်အယူအဆတွေ၊ ဘယ်ပါတီကို မဲပေးခဲ့တယ်ဆိုတာတွေဟာ သူတို့ သတင်းရေးတဲ့အပေါ်မှာ လွှမ်းမိုးမှုမရှိဘူးလို့ ပြောမှာပဲ။ တကယ်လည်း သူတို့က အဲဒီအတိုင်းယုံကြည်နေကြတယ်။ ဒါပေမယ့် ဝါရှင်တန်သတင်းလောကနဲ့ အနှစ်နှစ်ဆယ်လောက် ဆက်ဆံခဲ့ရတဲ့ ကျွန်တော့်အတွေ့အကြုံအရတော့ အရှုတ် တော်ပုံသတင်းတွေ နဲ့ပတ်သက်ရင် သတင်းထောက်တွေက ပါတီနှစ်ခုလုံးကို တန်းတူရေးပေမယ့် မူဝါဒဆိုင်ရာတွေ အထူး သဖြင့် လူမှုရေးမူဝါဒတွေနဲ့ပတ်သက်ရင် ဒီမိုကရက်ပါတီက ရီပတ်ဘလီကင်ပါတီထက် မျက်နှာ သာအပေးခံရတာတော့ အသေအချာပဲ။

            တကယ်လို့ ရီဂင်ကိုမဲပေးတဲ့သူဆယ့်တစ်ယောက်နဲ့ Pat Buchanan ( ကွန်ဆာ ဗေးတစ် တသီးပုဂ္ဂလ သမ္မတလောင်း )ကို မဲပေးတဲ့သူ တစ်ယောက်နဲ့ ခင်ဗျားရဲ့ သတင်းအယ်ဒီတာအခန်းကို ဖွဲ့စည်းလိုက်မယ်ဆိုရင် ထွက်လာ မယ့်သတင်းတွေက လုံးဝခြားနားသွားမယ်လို့ ကျွန်တော်ပြောရဲတယ်။ ဒီကနေ့ မျက်နှာဖုံးသတင်းမှာပါနေတဲ့ ကိစ္စတွေ က အတွင်းကိုရောက်သွားပြီး အတွင်းက သတင်းတွေက မျက်နှာဖုံးပေါ်ရောက်လာလိမ့်မယ်။ တစ်ချို့သတင်းတွေက လုံးဝ ပျောက်သွားလိမ့်မယ်။ တစ်ရက်ပဲဖော်ပြတဲ့ ဒီမိုကရက်တွေရဲ့ အငြင်းပွားစရာကိစ္စတွေက နေ့စဉ်ရက်ဆက်ဖော်ပြခံရပြီး ရီပတ်ဘလီကင်တွေရဲ့ ပြဿနာက တစ်ရက်ပဲရေးပြီး ပြီးသွားလိမ့်မယ်။ ဥပမာအားဖြင့် ၂၀၀၄ သမ္မတရွေးကောက်ပွဲတုံးက မီဒီယာတွေက ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သမ္မတဘုရှ် အမျိုးသားကာကွယ်ရေးလေကြာင်းတပ်ဖွဲ့မှာ အမှုထမ်းတုံးက ပျက်ကွက်ရက်များတယ်ဆိုပြီး အကြီးအကျယ်ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် ပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်း ဂျွန်ကယ်ရီ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ တာဝန်ထမ်းဆောင် တဲ့အချိန်က ကော်မတီကြားနာပွဲတွေရဲ့ သုံးပုံတစ်ပုံကို တက်ဖို့ ပျက်ကွက်ခဲ့တာကိုတော့ အနည်းအကျဉ်းပဲပြောခဲ့တယ်။

            တကယ်လို့ သတင်းထောက်တွေ၊ အယ်ဒီတာတွေသာ ပိုပြီး မျှမျှတတရေးမယ်ဆိုရင် စကားလုံးအသုံးအနှုန်းတွေ လည်းအများကြီးပြောင်းသွားလိမ့်မယ်။ ၁၉၉၇ ခုနှစ်တုံးက ရီပတ်ဘလီကင်အမတ်တွေက ပြည်တွင်းအခွန်ဌာနရဲ့ အလွဲ သုံးစားလုပ်မှုတွေကို စုံစမ်းမှုတွေလုပ်တော့ နယူးယောက်တိုင်းမ်သတင်းစာက ပြည်တွင်းအခွန်ဌာနကို သက်သက် အပြစ် ရှာတာလို့ ရေးတယ်။ ဒါပေမယ့် ဒီမိုကရက်အမတ်တွေက ကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းကြီး တွေကို တွယ်တဲ့အခါဆိုရင်တော့ ဘယ်သတင်းစာကမှ အကြောင်းမဲ့အပြစ်ရှာတာလို့မရေးဘူး။ လေ့ လာဆန်းစစ်ချက်တွေ အရ ဝါရှင်တန်က သတင်းထောက်တွေ၊ အယ်ဒီတာတွေအများစုက ဒီမိုကရက်ကို မဲပေးတဲ့လူတွေဖြစ်ကြောင်းသိရတယ်။ ဒါ့ကြောင့်လည်း ရီပတ်ဘလီကင်တွေက ဝါရှင်တန်က သတင်းထောက်တွေဟာ မူဝါဒဆိုင်ရာကိစ္စတွေမှာ ဒီမိုကရက်တွေ ဘက်ကိုလိုက်တယ် လို့ ပြောတာဖြစ်တယ်။

            ဒါပေမယ့် သတင်းဦးစားပေးရေဒီယို အသံလွှင့်ဌာနတွေကျတော့ ကွန်ဆာဗေးတစ်သမားတွေများတယ်။ ရုပ်သံ ဌာနတွေမှာတော့ Fox News က ရီပတ်ဘလီကင်ပရိသတ်အတွက်ဖြစ်ပြီး CNN ကတော့ ဒီမိုကရက်ပရိသတ်အတွက် ဖြစ် နေတယ်။ ဝါရှင်တန်အပြင်ဘက် ပြည်နယ်တွေမှာတော့ သတင်းမီဒီယာတွေက ပိုပြီးကွဲပြားခြားနားတဲ့အမြင်တွေကို တင်ပြ နိုင်ကြတယ်။ အဲဒီဒေသတွေမှာ ရီပတ်ဘလီကင်ဘက်ယိမ်းတဲ့ သတင်းစာတွေအများ ကြီးတွေ့နိုင်တယ်။
(ဆက်လက်ဖော်ပြပါမည်။ )
ရဲထွဋ် 

ref:U Ye'Htut 's FB

No comments:

Post a Comment