Friday 31 August 2012

၂ဝ၁၃ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်ထုတ်ဝေရန် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားနှင့် အမျိုးသမီးတို့ ပထမဆုံး အကြိမ်တွေ့ဆုံ

၂ဝ၁၃ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်ကို ထုတ်ဝေရန် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားနှင့် အမျိုးသမီးတို့သည် ပထမဆုံး အကြိမ် အဖြစ် တွေ့ဆုံ ခဲ့ကြောင်း ဗြိတိသျှသတင်းစာ ကြီးတစ်စောင်တွင် သြဂုတ် ၃ဝ ရက်က ဖော်ပြထားသည်။

ကမ္ဘာ့အရပ် အပုဆုံး အမျိုးသားမှာ အသက် ၇၂ နှစ်အရွယ်ရှိ နီပေါနိုင်ငံမှ ချန်ဒရာဘဟာ ဒူးဒန်ဂီဆိုသူ ဖြစ်ပြီး ကမ္ဘာ့ အရပ်အပုဆုံး အမျိုးသမီးမှာ အသက် ၁၈ နှစ် အရွယ်ရှိ အိန္ဒိယ မိန်းမပျိုလေး ဂျိုတီအမ်ဂီတို့ ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ် ဆောင်းရာသီက ဂင်းနစ်မှတ်တမ်းတွင် စံချိန်တင်ခဲ့ကြသူ များဖြစ်သည်။

ချန်ဒရာနှင့် ဂျိုတီတို့ နှစ်ဦးသည် ၎င်းတို့၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ ၂ဝ၁၃ ဂင်းနစ် မှတ်တမ်း စာအုပ်နှင့် အတူ ပြုံးရွှင်စွာဖြင့် ဓာတ်ပုံ ရိုက်ကူးခြင်းကို ခံယူခဲ့သည်။

ဂျိုတီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၆ ရက်က သူမ၏ ၁၈ နှစ်ပြည့်မွေးနေ့၌ ကမ္ဘာ့ အရပ်အပုဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်မှတ်တမ်း တင်ခံရပြီးနောက် လက်ရှိတွင် ဂျိုတီသည် ဘောလီးဝုဒ် ဇာတ်ကား ပေါင်းများစွာ၌ ပါဝင်သရုပ် ဆောင်ခဲ့ပြီး အနုပညာ လုပ်ငန်းများကို ပျော်ရွှင်စွာ လုပ်ကိုင်လျက် ရှိသည်။
ကမ္ဘာ့ အရပ်အပုဆုံး အမျိုးသား ချန်ဒရာကလည်း ဂင်းနစ်မှတ်တမ်း စာအုပ်တွင် မိမိ၏အမည်ကို ဖော်ပြခံရခြင်း အတွက်ဝမ်းမြောက်မဆုံး ဖြစ်ရကြောင်း၊ ဂင်းနစ်မှတ်တမ်း စာအုပ်တွင် မိမိအကြောင်း ဖော်ပြခံရခြင်း သည် မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိကျေးရွာ၊ မိမိ၏မိသားစု အတွက် ဂုဏ်ယူ ဝမ်းမြောက် စရာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ၂ဝ၁၃ ဂင်းနစ် မှတ်တမ်း စာအုပ်သည် (၅၇) ကြိမ်မြောက် ထုတ်ဝေမည့် စာအုပ်ဖြစ်ပြီး ၎င်း စာအုပ် အတွင်း၌ ဂင်းနစ် မှတ်တမ်း အမျိုးအစားပေါင်း ၁ဝဝဝ ကျော်ကို ဖော်ပြထားကြောင်း သိရသည်။

No comments:

Post a Comment