Tuesday 6 September 2011

ငြိမ်းချမ်းရေးတံခါးမှသည် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဆီသို့

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ပြည်သူတို့၏ ဆန္ဒမှန်ဖြင့် ရွေးချယ်မှု နှင့်အတူ နိုင်ငံတော် တာဝန်ကို စတင် ထမ်းဆောင်ချိန် မှစ၍ နိုင်ငံတော်ကြီး ဘက်စုံ ကဏ္ဍစုံမှ တိုးတက် လာစေရေး အတွက် ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိသည်မှာ မည်သည့် အချိန်အခါက ပြောင်းလဲမှုများနှင့်မျှ မတူအောင်ပင်။ ထိုသို့ ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ပေးနေသည့် နည်းတူ တစ်ဘက်မှလည်း တိုင်းပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ခေါ်လျက်ရှိရာ စက်တင်ဘာလ (၁၈) ရက်နေ့ကပင် ကြေညာချက်အမှတ် (၁/၂၀၁၁) ထုတ်ပြန် ကြေညာ၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ နိုင်ငံတော်က ငြိမ်းချမ်းရေး တံခါးကို အစဉ်အမြဲ ဖွင့်လှစ်ကာ လက်ကမ်း ကြိုဆိုခဲ့သည်မှာ ယခုမှ မဟုတ် ယခင် နှစ်ပေါင်းများစွာ ကတည်းကပင် ဖြစ်သည်။
ထိုကဲ့သို့ နိုင်ငံတော်က ငြိမ်းချမ်းရေးကို လိုလားသည့်နည်းတူ ပြည်သူများကလည်း ငြိမ်းချမ်းရေးကို လိုလားသူများ ဖြစ်ရာ (၂၇.၈.၂၀၁၁ ) ရက်နေ့တွင် လိုင်ဇာမြို့၌ ကေအိုင်အေက ပြုလုပ်သည့် လူထုဆန္ဒ သဘောထား ဖော်ထုတ်သည့် အခမ်းအနားတွင် ပြည်သူများက စစ်ရေးနည်းကို ရှောင်ရှား၍ နိုင်ငံတော် အစိုးရနှင့် လက်တွဲကာ ငြိမ်းချမ်းစွာ ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်း အခိုင်အမာ ဖော်ထုတ်ခဲ့ကြသည်။ အလားတူ ယင်းနေ့ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့၌ ပြုလုပ်ခဲ့သည့် လူထုဆန္ဒ သဘောထား ဖော်ထုတ် ဆွေးနွေးသည့် အခမ်းအနား၌လည်း ပြည်သူများက ကချင် ပြည်နယ်သည် တိုင်းရင်းသား မျိုးစုံ မှီတင်း နေထိုင်ကြသော ဒေသ ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်း လက်တွဲ၍ ပြည်နယ်တွင်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးကို မြှင့်တင် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုလားကြောင်း တစ်ခဲနက် ဖော်ထုတ်ခဲ့ကြပါသည်။
ထိုသို့ နိုင်ငံတော် အစိုးရနှင့် ပြည်သူများက စစ်မှန်သော ငြိမ်းချမ်းရေး ပေါ်ထွန်းလာစေရန် မျှော်လင့်ချက် အရှိန်အဟုန်များ မြင့်မားနေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ကေအိုင်အေကမူ ကချင်ပြည်နယ် အတွင်းရှိ တပ်မတော် စစ်ကြောင်းများအား ပြောက်ကျားနည်းဖြင့် တိုးမြှင့် တိုက်ခိုက်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ စက်တင်ဘာလ (၁) ရက်နေ့ ကလည်း ကေအိုင်အေအဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာတွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေးကို လိုလားသော ကေအိုင်အေ (ကချင်) စစ်မှုထမ်းဟောင်း အဖွဲ့နှင့် စစ်လိုလားသူ ကေအိုင်အေ ခေါင်းဆောင်များ အကြား ပဋိပက္ခ ဖြစ်ပွားပြီး အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးပြီး ကေအိုင်အေ ခေါင်းဆောင် တစ်ဦး ဒဏ်ရာ ရသွားကြောင်း သိရှိရသည်။
ထိုကဲ့သို့ အချင်းချင်း ကြားတွင်ပင် စိတ်ဝမ်းကွဲပြားပြီး တိုက်ခိုက်နေသူများ အနေဖြင့် ကချင်ပြည်နယ်ကြီး ကောင်းစားရေး၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများ ငြိမ်းချမ်းရေးအတွက် မည်သို့မျှ လုပ်ဆောင်ပေး နိုင်မည် မဟုတ်ပေ။ အဖွဲ့ကြီး အတွင်းရှိ အဖွဲ့ဝင် အချင်းချင်း ကြားတွင်ပင် ညီညွတ်မှု မရှိပါဘဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို မည်ကဲ့သို့မျှ ပုံဖော် ဆောင်ရွက်နိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် ကေအိုင်အေ ခေါင်းဆောင်များ အနေဖြင့် ဆက်လက်၍ ခေါင်းမာ မနေဘဲ နိုင်ငံတော်မှ ဖွင့်လှစ်ထားသော ငြိမ်းချမ်းရေး တံခါးပေါက်မှ ဝင်ရောက်ကာ တရားဥပဒေနှင့် အညီ ကချင် တိုင်းရင်းသား ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ငြိမ်းချမ်းရေး တို့ကို ယခုထက် ပိုမိုကောင်းမွန် တိုးတက်လာအောင် ဆောင်ရွက်ခြင်းမှသည် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားကို ထုဆစ် ပုံဖော်ကြပါစို့ဟု တိုက်တွန်း ရေးသား လိုက်ရပါသည်။
နန်းစောရှင်    
      (http://shwepyithit.blogspot.com/)မှကူးယူဖော်ပြသည်။

No comments:

Post a Comment