Friday 2 September 2011

သူတို့အတွက် တိုးတက်မှုမရှိ



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရ ပေါ်လာတဲ့ အထိကို ဝေဖန်သံ တွေက အဆက်မပြတ် ရှိနေခဲ့ပါတယ်။ အစိုးရ ဆိုတာလည်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ လွှတ်တော်မှာလည်း ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး ဆိုပြီးတော့ ဝေဖန် ပြောနေကြတာတွေကတော့ Non-Stop ပါပဲ။ အဲဒီလို ဝေဖန် ပြောဆိုတဲ့ အသံကိုကပဲ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ မဟုတ်လား။ ဝေဖန်ကြည့်ကြပါ၊ ခွဲခြမ်း စိတ်ဖြာကြည့်ကြပါ။ အလွှာစုံ၊ အဖွဲ့အစည်း အစုံနဲ့ တိုင်းရင်းသား ညီအစ်ကို ပေါင်းစုံက ဝေဖန်ပြောဆိုသံတွေဟာ အမိမြန်မာ နိုင်ငံတော်ကြီးကို တိုးတက်စေလိုတဲ့ သဘောနဲ့၊ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဝေဖန် နေကြတာပဲ မဟုတ်လား။
အစိုးရ အဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ မိန့်ခွန်းပြောတယ်။ မိန့်ခွန်းထဲမှာ အပြောင်းအလဲတွေ ပြုလုပ်မယ့် အကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်။ အပြောနဲ့အလုပ် ညီမညီ စောင့်ကြည့် ရမယ် ဆိုပြီး ပြောဆိုခဲ့တယ်။ အပြောင်းအလဲတွေဟာ တစ်ခုပြီးတစ်ခု ဖြစ်လာတယ်။ အစိုးရသစ်သာ တက်လာတယ် နေ့စဉ်ထုတ် သတင်းစာတွေထဲမှာ ပြည်ပမီဒီယာတွေကို ပုတ်ခတ် ပြောဆိုထားတာတွေက ခုထိ မဖြုတ်သေးဘူးလို့ ဝေဖန်ပြီး မကြာခင် နေ့စဉ်ထုတ် သတင်းစာတွေမှာ အဲဒါတွေ မတွေ့ရတော့ပါဘူး။
မီဒီယာတွေမှာလည်း အရင်က ဖော်ပြခွင့်မရခဲ့တဲ့ အကြောင်းအရာတွေကိုကို မမြင်ချင်မှ အဆုံး မြင်တွေ့ လာရပါတယ်။ ပါတီအသီးသီးက နိုင်ငံရေးသမားတွေရဲ့ မှတ်ချက်တွေ၊ ပြောဆို ဝေဖန်မှုတွေကို ဖော်ပြခွင့် ရလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံတွေလည်း ဖော်ပြခွင့် ရလာခဲ့ပါတယ်။
မြန်မာနိုင်ငံက မတိုးတက်တာ မပြောနဲ့၊ ပညာရှင်တွေက ပြည်ပ ရောက်နေကြတာ။ ဦးနှောက်ယိုစီးမှု Brain Drain ဖြစ်နေတာလို့ ဆိုကြပြန်တယ်။ အကြောင်းကြောင်းကြောင့် ပြည်ပကို ရောက်ရှိနေတဲ့ မြန်မာ တိုင်းရင်းသားတွေ အမိနိုင်ငံကို ပြန်လာနိုင်တယ်လို့ နိုင်ငံတော်သမ္မတကြီးက သူရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်း ကနေ ခွင့်ပြုပေးလိုက် ပြန်ပါတယ်။
အတိုက်အခံ နိုင်ငံရေးသမား အများစု ပြောပြောနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နိုင်ငံတော် သမ္မတကြီးက သမ္မတ အိမ်တော်မှာ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း တွေ့ဆုံစကားပြောမှု အတွက် အားရ ကျေနပ် တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လွှတ်တော်ထဲမှာလည်း အဆိုတွေ တင်သွင်းကြ၊ ဆွေးနွေးကြတာ ပွင့်လင်းပြီး ထင်သာမြင်သာ ရှိတယ်လို့ လွှတ်တော် အမတ်တွေ ကိုယ်တိုင်လည်း ထုတ်ဖော် ပြောဆိုထားတာတွေ ရှိပါတယ်။ ဒါတွေကို ထောက်ရှု့ လိုက်ရင် တိုးတက်မှုလို့ ရှု့မြင်ရင် မရနိုင် ကောင်းပေဘူးလား။ တစ်ချိန်က ဘယ်လိုမှ အကောင်းမမြင်နိုင်ခဲ့ကြ သူ တစ်ချို့တောင် လေသံလေးတွေ ပြောင်းပြီး တိုးတက်မှု တစ်ချို့ ရှိတယ်၊ ဘာတွေတော့ ဆက်လုပ်ဖို့ လုပ်သေးတယ်လို့ ပြောလာကြတာလည်း တွေ့ရ ပါတယ်။ ခုထိ ဘာမှတိုးတက်မှု မရှိပါဘူး၊ နိုင်ငံတကာကို လှည့်စား နေတာပါ ဆိုတဲ့ သူတွေ အတွက်တော့ ဘာမှ ပြောစရာ စကား မရှိတော့ပါဘူး။ နိုင်ငံရေး သုတေသီတစ်ဦး (http://kyeesaytaman.blogspot.com/)မှကူးယူဖော်ပြပါတယ်။

No comments:

Post a Comment