Friday 2 September 2011

ကျောက်၇ုပ်မဟုတ်ပါ



                ပြီးခဲ့တဲ့ သောကြာနေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေးမှား ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုတွေကို အံ့အားသင့် ပါးစပ်ပိတ်သွားစေတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်ပအခြေစိုက် မီဒီယာအားလုံးနဲ့ အင်တာနက်ပေါ်က အတိုက်အခံအားလုံးတို့ ကျောက်ရုပ် ဆိုပြီး အမြဲပြောနေတဲ့ တပ်မတော်သားလွှတ်တော်အမတ်တွေက အပြိုင်အဆိုင် ဝင်ရောက်ဆွေးနွေးခဲ့ကြလို့ပါပဲ။ ဒီသတင်း ထွက်လာပြီးချိန်ကစပြီး တပ်မတော်သား လွှတ်တော်အမတ်တွေကို ကျောက်ရုပ် တွေပါလို့ ဘယ်သူကမှ မပြောရဲကြတော့ပါဘူး။ ဒီထက်ပိုပြီး အတိုက်အခံတွေနဲ့ မီဒီယာတွေကို တုန်လှုပ်သွားစေတာကတော့ အဲဒီ ကျောက်ရုပ်မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်အမတ်တွေ ဆွေးနွေးတဲ့အကြောင်းအရာက နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အဆိုပဲဖြစ်နေပါတယ်။
             နိုင်ငံရေးအကျဉ်းသားဆိုသူများကို ဆက်လက်ဖမ်းဆီးဖို့အတွက် လွှတ်တော်ထဲက တပ်မတော်သားတွေက ထောက်ခံကြလိမ့်မယ်လို့ အားလုံးက ယူဆထားကြပါတယ်။ ဒီလို နိုင်ငံရေးအကျဉ်းသား များ လွတ် မြောက်ရေးနှင့် ပတ်သက်သည့် အဆို ကို လွှတ်တော်မှာ တင်သွင်းလျှင် တပ်မတော်သား လွှတ်တော်အမတ်များအနေနဲ့ ကန့်ကွက်ကြလိမ့်မယ်၊ ဒါမှမဟုတ် ကျောက်ရုပ်တွေလို မလှုပ်ပဲ ထိုင်နေကြလိမ့်မယ် လို့ပဲ ယူဆထားကြပေမယ့် တကယ်တမ်းကျတော့ တပ်မတော်သား လွှတ်တော်အမတ်များက ကျောက်ရုပ်မဟုတ်ကြောင်းနဲ့ လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်းကို သက်သေပြလိုက်ပါတယ်။
                ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ကြာသပတေးနေ့တွင် တင်သွင်းခဲ့သည့် “ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုကို ပြည်သူ့ လွှတ်တော်တွင် သောကြာနေ့က ဆွေးနွေးရာ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော် အမတ်များ သာမက တပ်မတော်သား အမတ်များ၊ စုစုပေါင်း ၁၅ ဦး ဆွေးနွေး ထောက်ခံခဲ့ကြခြင်းကြောင့် ထောက်ခံမှု အများဆုံးရသည့် အဆိုတခုဟု လွှတ်တော်အမတ်များက ပြောကြပါတယ်။
             ၂၅ ရာခိုင်နှုန်းဝေစုမှ တပ်မတော်သား လွှတ်တော် အမတ်များဖြစ်သည့် ဗိုလ်မှူးကြီး ဋ္ဌေးလှိုင်၊ ဗိုလ်မှူးကြီး တင့်ဆန်းတို့မှ အချို့သော တပ်မတော်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အရပ်ဘက် တရားရုံးမှ ပြစ်ဒဏ်များ ကျခံခဲ့ရပြီး ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူများ ဖြစ်ခြင်းကြောင့် ထိုသူများပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်စေလိုသည့် အတွက် ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားကြပါတယ်။
            ဦးသိန်းညွှန့်ရဲ့ အဆိုပါ အဆိုကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အပါအဝင် တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များဖြစ်သည့် ဦးစံလင်းနှင့် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ ကန့်ကွက်ဆွေးနွေး ခဲ့ကြပါတယ်။
             “ယုံကြည်ချက် ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ တပ်မတော်သားလွှတ်တော်အမတ် တွေရဲ့ ဆွေးနွေးချက်တွေကတော့...
              ဗိုလ်မှူးကြီး ဌေးနိုင် (တပ်မတော်သား) ။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင် ဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အသက်ပေးပြီး တာဝန်ထမ်းဆောင်နေတဲ့သူများ ဖြစ်ပါတယ်။ တချို့သော စစ်သည်များဟာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် နယ်ဘက်နဲ့ စစ်ဘက် တရားရုံးများမှာ စစ်ဆေးခံရပြီး အကျဉ်းထောင်များတွင် အကျဉ်းကျနေသူများလည်း ရှိပါတယ်။ ၁၆ - ၅ - ၂ဝ၁၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးရဲ့ အမိန့်အမှတ် ၂၈/၁၁ ဖြင့် ပြစ်ဒဏ်ခံရသူ ၁၄၇၅၈ ဦး လွတ်မြောက်ခဲ့ပြီး၊ သေဒဏ် ၆၅ရ ဦးဟာလည်း သေဒဏ်မှ လွတ်မြောက်ပြီးတော့ ထောင်ဒဏ်အဖြစ် ပြောင်းလဲကျခံခဲ့ရတာ တွေ့ပါတယ်။ အဲဒီထဲမှာလည်း ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် စစ်သည်များလည်း ပါဝင်ခဲ့တာ တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ အရင်ကလို လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့သည့်နည်းတူ ထိုက်သင့်သော အချိန်အခါတွင် ထပ်မံပြီး အမိန့်များ ဆက်လက် ထုတ်ပြန်ပေးနိုင်ဖို့အတွက် ကျွန်တော့်အနေနဲ့ လေးစားစွာဖြင့် တင်ပြလိုပါတယ်။ (ဩဘာသံများ)
             ဗိုလ်မှူးကြီး တင်ဆန်း (တပ်မတော်သား)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌ ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြန်တမ်းဝင်အမှတ် ကြည်း - ၁၈၈၄၁ ဗိုလ်မှူးကြီး တင်ဆန်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးနှင့် စပ်လျဉ်းပြီးတော့ ဆွေးနွေးတင်ပြရရင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံ နေရ သူများထဲမှာ တစ်ချိန်က ကျွန်တော်တို့နဲ့အတူ လက်တွဲပြီးတော့ အသက်ကို ပဓာနမထားဘဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့သူ တပ်မတော်သား ရဲဘော်ရဲဘက်များလည်း ပါဝင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ အနေနဲ့ တာဝန်ထမ်းဆောင်စဉ် ကာလမှာ မွန်မြတ်တဲ့ စေတနာဖြင့် တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကို ရင်းပြီးတော့ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၎င်းတို့ရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုများအပေါ် ငဲ့ညှာသောအားဖြင့် ယခင်ကလည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ထုတ်ပြန်ပေးခဲ့သည့် နည်းတူ ထိုက်သင့်သည့် အချိန်အခါတွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက်ထုတ်ပြန်စေရေးကို ထောက်ခံတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။ (ဩဘာသံများ)

ဥက္ကဌ။ ။ အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးက ရှင်းလင်းဆွေးနွေးဖို့ ဖြစ်ပါတယ်။

             ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး ကျန်းမာရွှင်လန်း ကြပါစေလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ဖြစ်ပါတယ်။ ယခု ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ စပ်လျဉ်းတဲ့၊ တင်သွင်းတဲ့ အဆိုအပေါ်ကို ဆွေးနွေကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များကို နားလည် သဘောပေါက်ပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် တစ်ဦးဖြစ်ပါတယ်။ ယခုအဆိုနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်မယ့် အဆုံးအဖြတ်ကို နိုင်ငံတော်သမ္မတကြီးထံကို အမြန်ဆုံး တင်ပြပေးသွားမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)
             ဦးသိန်းညွန့်၏ အဆိုတွင် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” ဟု သုံးနှုန်းထားခြင်းကြောင့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဆက်လက် တင်ပြပေးရန် လွှတ်တော် ဥက္ကဋ္ဌသူရ ဦး ရွှေမန်းက မေတ္တာရပ်ခံခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက သမ္မတထံ ဆက်လက် တင်ပြပေးမှာဖြစ်ပါတယ်။
              လွှတ်တော် ဆွေးနွေးပွဲများတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် ယင်းအဆိုကို
ဆွေးနွေးသူများခြင်းကြောင့် ထိုအဆို တခုတည်းသာ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ပြည်သူ့လွှတ်တော် အမတ်များကပြောကြပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုမှာ တပ်မတော်သားလွှတ်တော်အမတ်တွေပါ ပါလာတာရယ်၊ ဆွေးနွေးတဲ့လွှတ်တော်အမတ်တွေက ကန့်ကွက်ကြောင်းမဆွေးနွေးပဲ ထောက်ခံကြောင်း ဆွေးနွေးသွားတာရယ်ကြောင့် အံ့သြောဝမ်းသာပြီး တပ်မတော်သားလွှတ်တော် အမတ်များကို ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြည်သူ့အသံ၊ လွှတ်တော်အသံ
ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ
ပြည်သူ့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်

ဆိုတဲ့အတိုင်း တပ်မတော်သား လွှတ်တော်အမတ်များအနေနဲ့ ပြည်သူတွေနဲ့ တစ်တန်းတည်းရှိနေပါတယ်။ ဒီဖြစ်စဉ်ကြောင့် တပ်မတော်သား လွှတ်တော်အမတ်များအားလုံးက အခြား လွှတ်တော်အမတ်များလိုပဲ တန်းတူညီတူ လွတ်လပ်စွာ ဆွေးနွေးခွင့် ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်းကို မဟုတ်မမှန် ဝေဖန်နေသူများအားလုံးကို သိရှိသွားစေပါတယ်။




                သောကြာနေ့ လွှတ်တော်များကို နံနက် ၁ဝ နာရီတွင် စတင်ကြကာ၊ ပြည်သူ့လွှတ်တော်သည် မွန်းလွဲ ၂း၃ဝ တွင် ပြီးဆုံးပြီး အမျိုးသားလွှတ်တော်မှာ ညနေ ၄း၁၅ တွင် ပြီးဆုံးခဲ့ပါတယ်။
(http://www.oppositeyes.blogspot.com/)မှကူးယူဖော်ပြပါတယ်။

No comments:

Post a Comment