Thursday 17 March 2016

ကမ္ဘာပေါ်တွင် ပျော်ရွှင်မှု အရှိဆုံး နိုင်ငံအဖြစ် ဒိန်းမတ်ရပ်တည်

ကမ္ဘာပေါ်တွင် ပျော်ရွှင်မှုအရှိဆုံး နိုင်ငံအဖြစ် ဒိန်းမတ်က ရပ်တည်ခဲ့ကြောင်း ကမ္ဘာ့ပျော်ရွှင်မှုညွှန်ကိန်း စစ်တမ်းက ဖော်ပြခဲ့သည်။မတ် ၂၀ တွင် ကျရောက်မည့် ကမ္ဘာ့ပျော်ရွှင်ခြင်းနေ့ကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံပေါင်း ၁၅၆ ခု၏ ပျော်ရွှင်ခြင်းအဆင့်များကို ဖော်ပြခဲ့ရာ စကင်ဒီနေးဗီးယားဒေသရှိ ဒိန်းမတ်က နံပါတ်တစ် ချိတ်ခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်က စာရင်းတွင် သရဖူကို ဆွစ်ဇာလန်ထံ လွှဲပေးခဲ့ရသော်လည်း ဒိန်းမတ်သည် ယခုနှစ်တွင် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် တစ်ကျော့ပြန် ရပ်တည်လာသည်။


ဒိန်းမတ်၏ နောက်တွင် ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေးနှင့် ဖင်လန်နိုင်ငံများက အစဉ်လိုက် ရပ်တည်နေကြသည်။ အဆင့် ၆ နေရာမှ အဆင့် ၁၀ အတွင်းတွင်မူ ကနေဒါ၊ နယ်သာလန်၊ နယူးဇီလန်၊ ဩစတြေးလျနှင့် ဆွီဒင်တို့ ပါဝင်လျက် ရှိကြသည်။ တစ်နည်းအားဖြင့် စကန်ဒီနေးဗီးယားမှ ၃ နိုင်ငံစလုံး ကမ္ဘာ့အပျော်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်နေသည့်သဘောလည်း ဖြစ်သည်။
ကမ္ဘာ့ပျော်ရွှင်မှုညွှန်ကိန်းမှ ၁၅၆ နိုင်ငံ စာရင်းတွင် ပြည်တွင်းစစ်ဒဏ် အလူးအလဲခံခဲ့ရသည့် ဆီးရီးယားက ဘိတ်ဆုံးချိတ်ခဲ့ပြီး ဘူရွန်ဒီ၊ တိုဂိုတို့နှင့် ပူးတွဲရပ်တည်လျက်ရှိသည်။ မြန်မာကမူ အဆင့် ၁၁၉ တွင်ရပ်တည်ခဲ့ပြီး အိန္ဒိယက ၁၁၈ နှင့် အီဂျစ်က အဆင့် ၁၂၀ နေရာများတွင် မြန်မာနှင့်ရှေ့ဆင့်နောက်ဆင့် ရှိနေသည်။ နယ်မြေမငြိမ်းချမ်းမှုများ ရှိနေသည့် အီရတ်နှင့် ပါလက်စတိုင်းတို့သည် ယခုညွှန်ကိန်းစာရင်း ရပ်တည်မှုတွင် မြန်မာထက် ပိုမိုအဆင့်မြင့်နေသည်ကို တွေ့ရသည်။
အဆိုပါ စာရင်းသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ဝင်ငွေ၊ လူမှုဝန်ထမ်းအထောက်အပံ့၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လွတ်လပ်စွာသဘောထားဖော်ပြခွင့်၊ ရက်ရောမှု၊ အဂတိကင်းစင်မှု အစရှိသည့်အချက်များကို အခြေခံပြုစုထားခြင်းဟုလည်း သိရှိရသည်။
Ref: World Happiness Index

No comments:

Post a Comment