Thursday 17 March 2016

သမ္မတ ဦးထင်ကျော်လက်ထက် အစိုးရ၀န်ကြီးဌာန ၁၀ ခု ဖျက်သိမ်းမည်

NLD အစိုးရသစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၀န်ကြီးဌာန ၃၆ ခုအနက် ၁၀ ခုကို ဖျက်သိမ်းပြီး အခြားဝန်ကြီးဌာန ၁၂ ခုကို ခြောက်ခုအဖြစ် ပေါင်းစည်းမည် ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်ဖွဲ့စည်းရာတွင် ထားရှိမည့် ၀န်ကြီးဌာန အရေအတွက်နှင့် ၀န်ကြီးစာရင်းကို သမ္မတ ဦးထင်ကျော်က ယနေ့ (မတ် ၁၇ ရက်) တွင်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက် အဆိုပါ စာရင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဖျက်သိမ်းမည့် ၀န်ကြီးဌာနများမှာ သမ၀ါယမ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန ငါးခုတို့ ဖြစ်ပါသည်။


ပေါင်းစည်းမည့် ၀န်ကြီးဌာနများမှာ သာသနာရေးဝန်ကြီးဌာနကို ယဉ်ကျေးမှုဝန်ကြီးဌာနဖြင့် လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာနဖြင့် လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို စွမ်းအင်ဝန်ကြီးဌာနဖြင့် လည်းကောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဖြင့် လည်းကောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနဖြင့် လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနဖြင့် လည်းကောင်း နှစ်ခုပေါင်း တစ်ခုအနေဖြင့် ထားရှိမည်ဖြစ်သည်။
အသစ်အနေဖြင့် သီးခြားပေါ်ထွက်လာမည့် ၀န်ကြီးဌာနမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန ဖြစ်ပြီး ယခင်သမ္မရုံးဝန်ကြီးဌာန ခြောက်ခုကို ၀န်ကြီးဌာနတစ်ခု အနေဖြင့် ဖွဲ့စည်းမည်ဖြစ်ပါသည်။
Eleven Media Group

No comments:

Post a Comment