Tuesday 16 February 2016

ညီဖြစ်သူအတွက် ပါဝင်မဲဆွယ်ပေးလာသည့် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်

အမေရိကန်သမ္မတသစ်နေရာအတွက် ညီဖြစ်သူ၏ ပါဝင်ယှဉ်ပြိုင်နေမှုတွင် သမ္မတဟောင်း ဂျော့ဘုရှ် (ဂျူနီယာ) ကိုယ်တိုင် ပါဝင်ကူညီ မဲဆွယ်ပေးနေကြောင်း သိရသည်။လတ်တလောတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ခု၏ သမ္မတလောင်းနေရာအတွက် ရွေးချယ်ရန် ပြည်နယ်အလိုက် ယှဉ်ပြိုင်နေရာ ဂျက်ဘုရှ်သည် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ပါဝင်နေသည်။ လက်ရှိအခြေအနေအရ ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ဒေါ်နယ်လ်ထရမ့်က အဓိကရေပန်းစားနေပြီး ဂျက်ဘုရှ်မှာ တတိယ၊ သို့မဟုတ် စတုတ္ထ လူကြိုက်အများဆုံး နေရာမျှတွင်သာရှိနေဆဲ ဖြစ်သည်။
တောင်ပိုင်း ကာရိုလိုင်းနားတွင် ယခုသီတင်းပတ်ကုန်၌ ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းနေရာ ရွေးချယ်ရန် မဲကောက်ခံမှုများ ပြုလုပ်သွားမည်ဖြစ်ရာ ယင်းမတိုင်မီတွင် ဂျော့ဘုရှ်က ထိုဒေသရှိ စစ်မှုထမ်းများနှင့် တွေ့ဆုံခဲ့သလို မဲဆွယ်စည်းရုံးဟောပြောပွဲ တစ်ခုလည်း ကျင်းပခဲ့သည်။
ဘုရှ်မိသားစုသည် အမေရိကန်နိုင်ငံရေးတွင် သမိုင်းကြောင်းကောင်းသူများဖြစ်ကြပြီး ဂျော့ဘုရှ်အပြင် ၎င်းတို့ညီအစ်ကို၏ ဖခင်ဖြစ်သူ ဂျော့ဘုရှ် (စီနီယာ) သည်လည်း အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ဂျက်ဘုရှ်သည် ဖလော်ရီဒါ မြို့တော်ဝန်ဟောင်းတစ်ဦးဖြစ်ပြီး မဲဆွယ်မှုရန်ပုံငွေ အမြောက်အမြား အသုံးပြုထားသော်လည်း လက်ရှိအချိန်တွင် ထရမ့်အပြင် တက္ကဆက်စ် အမတ် တက်ဒ်ခရုဇ်ကိုပါ ယှဉ်နိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ လတ်တလောတွင် ထရမ့်က နယူးဟမ့်ရှိုင်းယား၌ အနိုင်ရထားပြီး အိုင်အိုဝါတွင် ခရုဇ်က အောင်ပွဲခံထားသည်။

ရီပတ်ဘလစ်ကန် သမ္မတလောင်းရွေးကောက်ပွဲမှ နုတ်ထွက်လိုက်ပြီဖြစ်သည့် တောင်ပိုင်း ကာရိုလိုင်းနား လွှတ်တော်အမတ် လင်းဆေး ဂရေဟမ်က ၎င်းသည် ယခုအခါ ဂျက်ဘုရှ်ကို ထောက်ခံသွားမည်ဟု ပြောကြားထားသည်။ “ဘုရှ်မိသားစုရဲ့ နာမည်က ကျွန်တော့် ပြည်နယ်မှာတော့ တကယ့်ကို သတင်းမွှေးပါတယ်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ယခုသီတင်းပတ်ကုန်တွင် တောင်ပိုင်း ကာရိုလိုင်းနား၌ ရီပတ်ဘလစ်ကန် သမ္မတလောင်း ရွေးချယ်မဲပေးမှု ပြုလုပ်နေချိန်၌ ပြိုင်ဘက် ဒီမိုကရက်ပါတီကမူ နီဗားဒါး ပြည်နယ်တွင် အားပြိုင်နေမည် ဖြစ်သည်။ ဒီမိုကရက်ပါတီဘက်တွင်မူ ဟီလာရီကလင်တန်နှင့် ဘာနီဆန်းဒါးစ်တို့သာ အဓိကပြိုင်ဆိုင်နေပြီး ပြည်နယ်တစ်ခုစီတွင် အသီးသီးအနိုင်ရရှိထားသည်။

Ref: BBC

No comments:

Post a Comment