Tuesday 16 February 2016

ရုရှားနယ်စပ်အနီး စစ်ရေးလေ့ကျင့်ရန် တိုက်လေယာဉ်များ စေလွှတ်မည်ဟု အမေရိကန်လေတပ် ပြောကြား

အမေရိကန်လေတပ်၏ F-15 တိုက်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းနေစဉ်။
ရုရှားနှင့် နယ်စပ်ဒေသအနီး စစ်ရေးလေ့ကျင့်မည့် အစီအစဉ်များအတွက် အမေရိကန်က တိုက်လေယာဉ်များ ပေးပို့သွားမည်ဟု သိရှိရသည်။
အမေရိကန်လေတပ်က နွေဦးပေါက်ချိန်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများအတွက် ဖင်လန်ထံသို့ F-15 တိုက်လေယာဉ် ၆ စီး ပေးပို့သွားမည်ဟု ကြေညာသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရုရှားနယ်နိမိတ်နှင့် မိုင် ၁၀၀ နီးပါးအကွာ စစ်စခန်းတစ်ခုတွင် အကောင်အထည် ဖော်မည်ဖြစ်သည်။
အော်ရီဂွန်ရှိ အမျိုးသားလေကြောင်း အစောင့်တပ်ဖွဲ့ အခြေစိုက်စခန်းမှ အမေရိကန်၏အမှတ် ၁၇၃ လေတပ်အုပ်စုတွင် ပါဝင်သော ဂျက်တိုက်လေယာဉ် ၆ စီးသည် ဖင်လန်လေတပ်နှင့်အတူ Operation Atlantic Resolve တွင် ပါဝင်လေ့ကျင့်သွားမည်ဟု သိရသည်။ ယူကရိန်းကို ရုရှားတပ်များကျူးကျော်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်သည် NATO မဟာမိတ်တပ်ဖွဲ့ဝင်များနှင့်အတူ အရှေ့ဥရောပတွင် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ်ဆောင်လာသည်။

ဖင်လန်သည် NATO စစ်မဟာမိတ်အုပ်စုတွင် မပါဝင်သော်လည်း ရုရှားနှင့် ၈၁၃ မိုင် ရှည်လျားသော နယ်နိမိတ်ထိစပ်မှုကြောင့် အချုပ်အခြာအာဏာတည်မြဲရေး စိုးရိမ်မှုများ ရှိနေသည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လာခဲ့သည်။ ယခုစစ်ရေး လေ့ကျင့်မှုကို အမေရိကန်က အစပြုကမ်းလှမ်းခဲ့ခြင်းဟု ဥရောပအခြေစိုက် အမေရိကန်လေတပ်ဖွဲ့မှ ဗိုလ်မှူး ရှာရီလ်ကလစ်ကဲလ်က ပြောကြားခဲ့သည်။

“အရင်တုန်းက နော်ဝေး၊ ဆွီဒင်နဲ့ အိမ်နီးချင်း နိုင်ငံတချို့မှာ ကျွန်တော်တို့ လေတပ်လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဖင်လန်မှာ အမေရိကန် F-15 တွေ ပါဝင်လေ့ကျင့်မှာက ဒါပထမဆုံးပါ” ဟု ၎င်းက ဆိုသည်။

ရုရှားသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ၎င်းတို့၏ စစ်အင်အားကို ပိုမိုတက်ကြွစွာ မြှင့်တင်တည်ဆောက်လာသည့်နောက် အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ဆိုဗီယက်အင်ပါယာတွင် ပါဝင်ခဲ့ဖူးသည့် နိုင်ငံများအတွက် လုံခြုံရေးစိုးရိမ်စရာများ ဖြစ်လာခဲ့သည်။

Ref: CNN

No comments:

Post a Comment