Thursday 18 February 2016

တောင်တရုတ်ပင်လယ်ထဲတွင် တရုတ် ဒုံးကျည်များ ဖြန့်ကျက်နေသည် ဆိုခြင်းကို အမေရိကန် စိုးရိမ်

တောင်တရုတ် ပင်လယ်အတွင်းတွင် တရုတ်က ဒုံးကျည်စနစ်များ ဖြန့်ကျက်ထားကြောင်း သတင်းများအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တကြီး လေ့လာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောကြားခဲ့သည်။
တရုတ်တိုင်ပေ အစိုးရက တရုတ်သည် ရေပိုင်နက် အငြင်းပွားမှုများ ရှိနေရာ တောင်တရုတ် ပင်လယ်အတွင်း ၎င်းတို့ တည်ဆောက်ထားသည့် စစ်စခန်းတစ်ခု၌ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကျက်ထားကြောင်း စွပ်စွဲခဲ့သလို ဒေသတွင်း မီဒီယာများကလည်း ယင်းသတင်းကို နောက်ဆက်တွဲ ဖော်ပြခဲ့ကြသည်။
ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင်လည်း တရုတ်ရေတပ် တပ်စွဲထားရာ ဝူဒီကျွန်း ကမ်းခြေ၌ ဒုံးကျည်တင် မော်တော်ကားများနှင့် ထောက်ပံ့ရေး မော်တော်ကားများဟု ယူဆရသော ပုံရိပ်များကို တွေ့မြင်နေရသည်။ တရုတ်ကမူ အဆိုပါ သတင်းများသည် အခြေအမြစ် မရှိဟု ငြင်းဆိုထားသော်လည်း နိုင်ငံတကာ ဥပဒေများအရ မိမိကိုယ်ကို ကာကွယ်ခွင့် အပြည့်ရှိကြောင်း တုံ့ပြန်ထားသည်။

ဂြိုဟ်တု ဓာတ်ပုံများတွင် တရုတ်၏ ဒုံးကျည်များ ဖြန့်ကျက်ထားသည်ဟု ယူဆရသော အခြေအနေကို တွေ့ရှိရပြီးနောက် ကယ်ရီက “အမေရိကန် ပြည်ထောင်စုအတွက် ဒီကိစ္စဟာ အရမ်း အလေးအနက် ဆွေးနွေးရမယ့် အနေအထားပါ။ နေ့စဉ်နေ့တိုင်း ဒီအယူအဆကို ခိုင်မာစေမယ့် သက်သေတွေ မြင်နေရပါတယ်။ ဒါဟာ အငြင်းပွားရာ နယ်မြေမှာ လက်နက်တပ်ဆင်မှု ပုံစံတစ်မျိုး ဖြစ်နေပါတယ်။ တကယ့်ကို အလေးအနက် စိုးရိမ်သင့် ပါတယ်”ဟု ပြောကြားခဲ့သည်။

ImageSat International ဂြိုဟ်တုက ဖေဖော်ဝါရီ ၃ ရက်တွင် ရိုက်ကူးထားသည့် ဓာတ်ပုံ၌ ရူဒီကျွန်း ကမ်းခြေတွင် ရှင်းလင်းနေသော်လည်း ဖေဖော်ဝါရီ ၁၄ ရက် ဓာတ်ပုံတွင်မူ အဆိုပါ ကားများ ဖြန့်ကျက် နေရာယူထား သည်ကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီကမူ “ကျွန်တော်တို့ အနေနဲ့ ကာကွယ်ရေး ကဏ္ဍအတွက် အကန့်အသတ်နဲ့ လိုအပ်သလောက် ဆောင်ရွက်ထားတာလေးတွေ ရှိပါတယ်။ ဒီလောက်ပါပဲ။ ပြီးတော့ နိုင်ငံတကာ ဥပဒေတွေအရ တရုတ်ဟာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ကာကွယ်ပိုင်ခွင့် ရှိပါတယ်”ဟု ကာကွယ် ပြောကြားသွားသည်။

Ref: BBC

No comments:

Post a Comment