Monday 11 January 2016

ပါရီရဲစခန်းကို တိုက်ခိုက်ရန် ကြိုးစားသူသည် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်နေ

ဓားဖြင့်ရမ်းကားသူကို နှိမ်နင်းပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ မိုင်းရှင်းပညာရှင် တစ်ဦး ချဉ်းကပ်စစ်ဆေးနေစဉ်။
ပါရီမြို့တော် အနီးတွင် ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သူသည် ဥရောပသို့ ခိုလှုံဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါရီမြောက်ပိုင်း ရဲစခန်း တစ်ခုအနီးတွင် မြက်ခုတ်ဓား တစ်လက်နှင့် ဖောက်ခွဲရေး ကိရိယာ အတုတစ်ခုတို့ကို ကိုင်ဆောင် ရမ်းကားနေသည့် အမျိုးသား တစ်ဦးကို လုံခြုံရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့သည်။

၎င်း၏ နောက်ကြောင်းကို စုံစမ်းဖော်ထုတ်ပြီးနောက် ထိုသူသည် ဂျာမနီနိုင်ငံမှ လာရောက်သူ ဖြစ်ကြောင်း၊ ၎င်းသည် ဥရောပသို့ ခိုဝင်လာပြီးနောက် ဂျာမနီရှိ ဒုက္ခသည် စခန်းတစ်ခုတွင် ခိုအောင်း နေထိုင်ခဲ့ကြောင်း ရိုင်း-ဝက်စ်ဖာလီရာ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ခန္ဓာကိုယ်ပေါ်တွင် အသေခံ ဗုံးခွဲဝတ်စုံအတု ဝတ်ဆင်လာသည့် အမျိုးသား မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ၎င်း၏ ရည်ရွယ်ချက်ကို တိတိကျကျ သိရှိနိုင်ရေးအတွက်မူ ရဲများက ဆက်လက် ကြိုးစားနေဆဲ ဖြစ်သည်။

ပြင်သစ် အစိုးရရှေ့နေ ဖရန်ဆွာ မိုလင်းစ်က တရားခံ၏ ကိုယ်ပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ထောက်ခံကြောင်း ရေးသားထားသည့် စာတစ်စောင်နှင့် ဂျာမနီနိုင်ငံသုံး SIM Cardပါရှိသည့် မိုဘိုင်းဖုန်း တစ်လုံးကို သိမ်းယူရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရမ်းကားမှုသည် ပါရီရှိ Charlie Hebdo မဂ္ဂဇင်းကို အကြမ်းဖက်သမား နှစ်ဦးက ဝင်ရောက်ပစ်ခတ်သဖြင့် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်၏ နှစ်ပတ်လည်နေ့တွင် ပေါ်ပေါက်လာခြင်းဟု သိရှိရသည်။

Ref: CAN

No comments:

Post a Comment