Monday 18 January 2016

ဝှက်စာပို့စနစ်နှင့်ပတ်သက်သည့် မူဝါဒများ ပေါ်ပေါက်လာရန် နိုင်ငံပေါင်း ၂၀၀ ခန့်လက်မှတ်ရေးထိုး

နည်းပညာထုတ်ကုန်များအကြား လျှို့ဝှက်ကုတ်အသုံးပြု ၍ပို့ရသော လုံခြုံသည့် ဝှက်စာပို့စနစ် (Encryption)ကိုပိုမိုအားကောင်းလာစေမည့် မူဝါဒများ ပေါ်ပေါက်လာစေရန် လှုပ်ရှားမှုတွင် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်နှင့်အတူ ပူးပေါင်း၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO)က သတင်းထုတ်ပြန် သည်။
အဆိုပါလှုပ်ရှားမှုကို ဆောင်ရွက်ရာတွင် အင်တာနက်လွတ်လပ်ခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးတို့ကို ဦးစားပေးဆောင်ရွက် နေသော AccessNow အဖွဲ့ကဦးစီး၍ အကောင်အထည်ဖော် ခြင်းဖြစ်ပြီး MIDO အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၅ နိုင်ငံမှ အဖွဲ့ အစည်းများ၊ ကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်ပေါင်း ၁၉၀ ကျော်က ဇန်နဝါရီဒုတိယပတ်တွင် သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

‘‘အင်တာနက်ဆိုတာ ကမ္ဘာတစ်ဝန်းက လူထုအတွက်ဖြစ်ပါတယ်။ အစိုးရအတွက် မဟုတ်ပါဘူး။ လူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ လူအခွင့်အရေးကို အကာအကွယ်ပေးထားတဲ့စနစ်တွေကို ချိုးဖောက်ဖို့ (သို့) အားနည်းအောင်လုပ်ဖို့ ကြိုးစားနေတဲ့ ဘယ်နိုင်ငံမဆို ကျွန်တော်တို့ငြင်းပယ်နိုင်ဖို့လုပ်သွားပါမယ်’’ဟု Access Now အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Brett Solomon က ပြောသည်။

မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO)အနေဖြင့် အင်တာနက်လွတ်လပ်မှုနှင့် ဒစ်ဂျစ်တယ်အခွင့်အရေးတို့ ရရှိရေးထောက်ခံအားပေးသော အဖွဲ့အစည်းတစ်ခုဖြစ်၍ မြန်မာနိုင်ငံတွင် လုံခြုံသည့် လျှို့ဝှက်စာပို့စနစ် (Encryption) တိုးတက်လာစေရန်နှင့် ၎င်းကိုအစိုးရက ပိတ်ပင်တားဆီးခြင်းများရှိမလာစေရန် ပါဝင်သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘ဒစ်ဂျစ်တယ်ခေတ်မှာ လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေအတွက် Encryption စနစ် အားကောင်းလာဖို့က မဖြစ်မနေလိုအပ်ပါတယ်’’ဟု ကုလသမဂ္ဂအဖွဲ့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးစုံ စမ်းမှုတာဝန်ခံ David Kaye က ပြောသည်။

လက်ရှိတွင် လုံခြုံသည့် လျှို့ဝှက်စာပို့စနစ် (Encryption)ကို အားနည်းစေမည့် မူဝါဒများ ပြဋ္ဌာန်းသွားရန် တရုတ်၊ အိန္ဒိယ၊ဗြိတိန်၊ အမေရိကန်နှင့် အခြားနိုင်ငံအချို့၌ စဉ်းစားနေကြောင်း Access Now က ဆိုသည်။

7Day Daily

No comments:

Post a Comment