Sunday 20 December 2015

ဟင်္သာတကားပစ္စည်းဆိုင်မှ ငွေထုပ်ခိုးယူသွားသည်ဆိုသည့် ရဟန်းကို CCTV ကြောင့် ၃နာရီအတွင်းဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပန်းပဲတန်းရပ်ကွက်ရှိ ကားစက်ပြင်လုပ်ငန်းနှင့် ကားပစ္စည်းအရောင်းဆိုင်ကောင်တာပေါ်မှ ငွေကျပ်သိန်းလေးဆယ်ဝန်းကျင်ထည့်ထားသည့်အထုပ်ကို ကာယကံရှင်ပိုင်ရှင်မသိဘဲ ကားပစ္စည်းဝယ်ယူရင်းခိုးယူသွားသည်ဟု ယူဆရသည့်ရဟန်းတစ်ပါးကို CCTV ကြောင့် ဟင်္သာတမြို့မအမှတ် ၁ရဲတပ်ဖွဲ့စခန်းက ၃နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာလ၁၇ရက်က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ၁၄ရက် မွန်းတည့် ၁၂နာရီခန့်က ငွေထုပ်ခိုးယူသွားသူဟု စွပ်စွဲခံရသည့် ရဟန်းတစ်ပါးက ဟင်္သာတမြို့ပန်းပဲတန်းရပ်ကွက် ကားပစ္စည်းအရောင်းဆိုင်သို့ ရောက်ရှိလာသဖြင့် ဆိုင်ရှင်ဇနီးမောင်နှံက ကားဆက်စပ်ပစ္စည်းများ တစ်ခုချင်းထုတ်ပြပေးနေခဲ့ပြီး ခဏအကြာ ရန်ကုန်သို့ငွေလွှဲရန်ကောင်တာပေါ်တွင် ခေတ္တတင်ထားသည့် ငွေထုပ်ပျောက်သွားသည်ကို သိရှိရကြောင်း၊ ငွေထုပ်ပျောက်ဆုံးသဖြင့် မည်သူယူသွားနိုင်သည်ကို ဆိုင်အလုပ်သမား၊ဆိုင်ဝန်ထမ်းများဝိုင်းဝန်းစဉ်းစားနေချိန်တွင် ကားပစ္စည်းလာဝယ်သည့် ရဟန်းမရှိတော့ဘဲ ဝယ်ယူရန်ရွေးချယ်ထားသည့်ပစ္စည်းများလည်း ယူသွားခြင်းမရှိသောကြောင့် CCTV ကိုဖွင့်ကြည့်ရာ ယင်းရဟန်းက ယူဆောင်သွားသည်ကိုတွေ့ရှိရပြီး ဟင်္သာတမြို့မရဲတပ်ဖွဲ့စခန်းမှူး၊ ဒုတိယစခန်းမှူးဦးဆောင်သည့်အဖွဲ့က ၃နာရီဝန်းကျင်အတွင်း လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရုံးထံမှသိရသည်။

CRV အမျိုးအစား ရွှေအိုရောင်မော်တော်ယာဉ် နံပါတ်မမှတ်မိဖြင့် လာရောက်ဈေးဝယ်သည့် အဆိုပါရဟန်းကိုဖမ်းဆီးရမိရေးအတွက် သတင်းပေးများ၏အကူအညီအရ အင်္ဂပူမြို့နယ်ဘက်သို့ မောင်းနှင်သွားသည်ဟုသိရှိရသဖြင့် လိုက်လံစုံစမ်းရာ အင်္ဂပူမြို့နယ် ကွင်းကောက်တောင်ရွာဥယျာဉ်ရပ်နေ ဦးခင်ဝင်းနေအိမ်ခြံဝန်း၌ မသင်္ကာဖွယ် CRV အမျိုးအစားကားကိုတွေ့ရှိခဲ့ရကြောင်း၊ ဒုတိယစခန်းမှူးရဲအုပ်မြင့်သိန်းကစစ်ဆေးရာ ယင်းရဟန်းက ဟင်္သာတရှိ မိဘများထံ ခေတ္တရောက်ရှိစဉ် ၎င်းခိုးယူသွားသည်ဟုဝန်ခံခဲ့သဖြင့် ကွင်းကောက်မြောက်ရွာ ရွှေကျောင်းဘုန်းတော်ကြီးတိုက်ဆရာတော်ဦးအဂ္ဂထံနှင့် ဟင်္သာတမြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးသုန္ဒရတို့က ခိုးမှုစွပ်စွဲခံရသည့်ရဟန်းကို သိက္ခာချလူဝတ်လဲပေးခဲ့ပြီး ဖမ်းဆီးအမှုဖွင့်ခဲ့ရကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏တာဝန်ရှိသူအရာရှိတစ်ဦးကပြောကြားသည်။

မန္တလေးမြို့ရှိ စာသင်တိုက်တစ်ခု၌ ဓမ္မာစရိယတန်းတက်ရောက်နေသူ အသက်၂၆နှစ်ရှိ ဦးဣန္ဒာစာရ(ခေါ်) အောင်ကိုထက်ကို အမှတ်၁မြို့မရဲတပ်ဖွဲ့စခန်းက (ပ)အမှတ်၃၄၈/၂၀၁၅ပြစ်မှုပုဒ်မ၃၈၀အရအမှုဖွင့်ဆောင်ရွက်လျက်ရှိပြီးစွပ်စွဲခံရသူအောင်ကိုထက်ကိုယ်တိုင်က၎င်းယူဆောင်သွားသည့်ငွေကျပ်၃၈၈၁၅၀၀ကျပ်ကိုအတိအကျပြန်လည်အပ်နှံပေးခဲ့ကြောင်းအထက်ပါတာဝန်ရှိသူကဆိုသည်။

The Voice Weekly

No comments:

Post a Comment