Sunday 20 December 2015

တောင်သမန်အင်းရေတွင် ခဲဓာတ်ပါဝင်မှုများ၍ ငါးများသေဆုံးဟုဆို

မန္တလေးမြို့တော်ရှိ တောင်သမန်အင်းရေအတွင်း ငါးများအသက် ရှင်ရန်ရှိရမည့် အောက်ဆီဂျင်ဓာတ်နည်းပါးနေပြီး ခဲဓာတ်ပါဝင်မှု များခြင်းကြောင့် ငါးများသေဆုံးရခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး စမ်းသပ်တွေ့ရှိချက်အစီရင်ခံစာအရသိရသည်။
တောင်သမန်အင်း၏ရေနမူနာကို စမ်းသပ်စစ်ဆေးမှုရလဒ်များအရ အောက်ဆီဂျင်ပျော်ဝင်မှု(DO) မှာ ပန်းရံတော်ချောင်းမှ တောင်သမန်အင်းအဝင်ပေါက်တွင် သုညအမှတ်သို့ရောက်ရှိနေကြာင်း၊ နိုဝင်ဘာလကစမ်းသပ်ချက်များအရလည်း အင်းရေအတွင်းခဲဓာတ်ပါဝင်မှုမှာ ၀ဒသမ၆မီလီဂရမ်/လီတာအထိရောက်ရှိနေကြောင်း အဆိုပါအသင်းစီမံကိန်းဒါရိုက်တာ ဦးလွင်မောင်မောင်ဆွေကပြောကြားသည်။

ယင်းသို့ခဲဓာတ်ပါဝင်မှုနှင့် အောက်ဆီဂျင်ပျော်ဝင်မှုပမာဏမှာ သတ်မှတ်ထားသည့် စံချိန်စံညွှန်းထက်ကျော်လွန်နေခြင်းကြောင့် တောင်သမန်အင်းရေဝင်ပေါက်ကို အဓိကထားစစ်ဆေးပြီး အောက်စီဂျင်ပျော်ဝင်မှုနှင့် ခဲဓာတ်ပါဝင်မှုကို ဆက်လက်သုတေသနပြုရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

တောင်သမန်အင်းအတွင်း အောက်ဆီဂျင်လိုအပ်သည်ထက်နည်းပါးသဖြင့် စက်တင်ဘာလအတွင်းက ငါးပိဿာချိန်တစ်သောင်းကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့်အပြင် တောင်သမန်အင်းအတွင်း ငါးအစုလိုက်အပြုံလိုက်သေဆုံးမှုမှာ လေးကြိမ်ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အင်းရေအတွင်းခဲဓာတ်ပါဝင်မှုများနေခြင်းမှာ အင်းအတွင်းသို့ရေဆိုးရေညစ်များဝင်ရောက်မှုများပြားခြင်း၊ ရွှေလုပ်ငန်းများက စွန့်ထုတ်လိုက်သည့် ဓာတ်ပစ္စည်းများနှင့် စက်ရုံများကစွန့်ပစ်သည့် ဓာတုဆိုးဆေးများကြောင့်ဖြစ်ကြောင်း၊ ယင်းသို့ခဲဓာတ်ပါဝင်မှုများခြင်းကြောင့် ကျန်းမာရေးဆိုင်ရာအန္တရာယ်ရှိကြောင်း ပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်ရေးပညာရှင် ဒေါက်တာကျော်ငြိမ်းအေးကသုံးသပ်ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့တော်ရှိ ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်အနီးဝန်းကျင်ရှိ ရေအရည်အသွေးကို သုတေသနပြုလေ့လာရာတွင် ရေထုညစ်ညမ်းမှုများရှိပြီး ခဲဓာတ်ပါဝင်မှုများလျက်ရှိကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းအစီရင်ခံစာတွင်ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment