Saturday 17 October 2015

လက်ရွေးစင်နည်းပြချုပ် မိုဗစ်ကို ရာထူးမှ ထုတ်ပြီး ဂတ်ဇီဆီနှင့် အစားထိုး


 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုး ခဲ့သည်။
ဆာဘီးယားလူမျိုး အေဗရာမိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီတွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သော်လည်း ၄င်းလက်ထက်တွင် လက်ရွေးစင်အသင်း ပွဲပေါင်း ၂၂ ပွဲ၌ ခုနစ်ပွဲနိုင် လေးပွဲသရေ ၁၁ ပွဲရှုံး ရလဒ်သာ ရရှိထားသည်။MFF သည် နည်းပြဟောင်း ရာဒီ အေဗရာမိုဗစ်အား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

ဂျာမန်နည်းပြ ဂတ်ဆီဇီ တာဝန်ယူမည့် မြန်မာ့လက်ရွေးစင်အသင်းတွင် လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင် (မကွေးအက်ဖ်စီ)မှ ဆက်လက် ပူးပေါင်းတာဝန်ယူ ကိုင်တွယ်သွားမည် ဖြစ်ပြီး ကြံ့ခိုင်ရေး နည်းပြတစ်ဦးကိုလည်း အမြန်ဆုံး ခန့်အပ်သွားရန် စီစဉ်လျက် ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၇ ရက ဒေသစံတော်ချိန် ညနေ (၅း၀၀)နာရီတွင်ျေဟာင်ကောင်ရှိ မောင်းဂွတ် အားကစားကွင်းတွင် ဟောင်ကောင်လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယား လက်ရွေးစင် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
mizzima

No comments:

Post a Comment