Thursday 3 September 2015

တရုတ်စစ်တပ် အင်အား သုံးသိန်းမျှ လျှော့ချသွားမည်ဟု သမ္မတ ကြေညာ


တရုတ်စစ်တပ် အနေဖြင့် တပ်ဖွဲ့ဝင် အရေအတွက် သုံးသိန်းမျှ လျှော့ချသွားရန် စီစဉ်ထားကြောင်း သမ္မတ စီကျင်းပင်က ပြောကြားသွားသည်။
ဒုတိယက ကမ္ဘာစစ်တွင် ဂျပန်ကို အောင်နိုင်ခဲ့မှု နှစ်ပေါင်း ၇၀ ပြည့် တရုတ်အမျိုးသား အောင်ပွဲနေ့ အခမ်းအနား မိန့်ခွန်းတွင် သမ္မတက ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ကာ စစ်တပ်၏ ဖွဲ့စည်းပုံ၌ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်ခဲ့ရာ ယခုတစ်ကြိမ်သည် စတုတ္ထမြောက် စစ်အင်အား လျှော့ချမှုလည်း ဖြစ်လာသည်။
“တရုတ် လွတ်မြောက်ရေး တပ်မတော်ဟာ တရုတ်ပြည်သူတွေရဲ့ စစ်တပ်ဖြစ်ပါတယ်။ တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ အရာရှိတွေ၊ အမျိုးသား၊ အမျိုးသမီး အမှုထမ်းတွေ အားလုံးဟာ တရုတ် ပြည်သူတွေအတွက် အလုပ်အကျွေး ပြုရမှာဖြစ်ပြီး နိုင်ငံရဲ့ လုံခြုံရေး၊ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို တာဝန်ယူနိုင်ရပါမယ်။ ဒါ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာလည်း     တစ်တပ်တစ်အား ပါဝင်ရပါမယ်။ ဒီနေ့မှာတော့ တရုတ်အနေနဲ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်ဖွဲ့ဝင် အင်အားကို သုံးသိန်း လျှော့ချသွားဖို့ ကြေညာပါတယ်”ဟု သမ္မတစီက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားသည်။

၁၉၈၅ ခုနှစ်တွင် တရုတ်သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တပ်ဖွဲ့ဝင်များ၏ အရည်အသွေး ပိုမိုမြင့်မားမှုတို့ကို ဦးစားပေး အာရုံစိုက်ရန် ဆုံးဖြတ်ပြီး စစ်သည်အင်အား တစ်သန်း လျှော့ချခဲ့သည်။ ၁၉၈၇ ခုနှစ်တွင်မူ တရုတ် လွတ်မြောက်ရေး တပ်မတော်၏ တပ်ဖွဲ့ဝင် အရေအတွက်ကို ၃.၂၃၅ သန်းမှ ၄.၂၃၈ သန်းသို့ လျှော့ချလိုက်ကြောင်း ထပ်မံကြေညာသည်။ ၁၉၉၀ ပြည့်နှစ်တွင် တရုတ်တပ်ဖွဲ့ဝင် အင်အားသည် ၃.၂ သန်းမျှ ဖြစ်လာသည်။

၁၉၉၇ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် စစ်သည်အင်အား လျှော့ချမှုအဖြစ် စုစုပေါင်းစစ်သည် ငါးသိန်း ထပ်မံလျှော့ချပြီး စစ်တပ်ကို ပိုမိုကျစ်လစ်စွာ ပြင်ဆင်ဖွဲ့စည်းခံသည်။ ၂၀၀၃ မှ ၂၀၀၅ ခုနှစ်ကြား ကာလတွင် တတိယအကြိမ်မြောက် စစ်သည်အင်အား လျှော့ချမှုအဖြစ် အမှုထမ်း နှစ်သိန်းထိ လျော့ကျသွားစေပြီး လက်ရှိ တရုတ် လွတ်မြောက်ရေး တပ်မတော်၏ အင်အားသည် ၂.၃ သန်းနီးပါးသာ ရှိတော့သည်။ ထိုသို့ အင်အားလျှော့ချနေသည့်တိုင် တရုတ်လွတ်မြောက်ရေး တပ်မတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

_Ref: Xinhua

No comments:

Post a Comment