Friday 25 September 2015

ရေနံနှင့် ဓာတ်ငွေ့ ဈေးကျခြင်းကြောင့် လုပ်ကွက်သစ် စီးပွားဖြစ်ထုတ်လုပ်ရန် မသေချာ


 ရေနံနှင့်ဓာတ်ငွေ့ဈေးကျဆင်းနေသောကြောင့် မုတ္တမ ကမ်းလွန်ရှိ မြန်မာနိုင်ငံ၏ လုပ် ကွက်သစ်ဖြစ်လာမည့် အောင် သိင်္ခရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (M-3) တွင် သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူ ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

ယင်းလုပ်ကွက်ကို ထိုင်း ရေနံကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လက်ရှိလေ့လာစမ်းသပ်မှုများအရ သဘာဝ ဓာတ်ငွေ့ ခန့်မှန်းသည်ထက် လျော့နည်း နေသောကြောင့် ရေနံဈေးကျ ဆင်းချိန်တွင် ထုတ်ယူရန် နှောင့် နှေးနေရခြင်းဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

‘‘ကုမ္ပဏီဘက်က စီးပွားဖြစ် ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ နှစ်ဖက်ပြန်ညှိပေးရမယ်။ အချိန် လည်း ပိုပေးရမယ် ထင်တယ်။ အခု လေ့လာဆန်းစစ်မှုလုပ်နေတဲ့ အချိန်ကျန်သေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။


အောင်သိင်္ခလုပ်ကွက်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တွင်း ၁၁ တွင်း စမ်းသပ်တူးဖော်ထားပြီး ပထမ စတင်တူးဖော်ထားသည့် ငါးတွင်းတွင် အဆင်ပြေသော် လည်း ကျန်တွင်းများသည် ခန့်မှန်း ထားသည့် ပမာဏ မထွက်ခဲ့၍ စီးပွားဖြစ်ထုတ်ယူရန် မသေမချာဖြစ်နေကြောင်း အထက်ပါအရာရှိကဆိုသည်။

‘‘တစ်နေ့ကို ဓာတ်ငွေ့ကုဗ ပေ သန်း ၁၀၀ လောက်ခန့်မှန်း ထားတယ်။ ဒီပမာဏနဲ့ ၁၀ နှစ် လောက်မှန်းထားတာ။ အခု ငါးနှစ်စာလောက်ပဲ ရှိမယ်။ ရေနံ ဈေးကကျနေတော့ ကုမ္ပဏီဘက် က ပြန်တွက်ချက်နေတာပါ’’ ဟု ၎င်းကဆက်လက်ပြောသည်။

ထိုင်းရေနံကုမ္ပဏီက ယင်း အောင်သိင်္ခလုပ်ကွက် (M-3)ကို ၂၀၁၃ မှ စတင်၍ လေ့လာစမ်း သပ်မှုများ စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ တွင် စတင်တူးဖော်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ကုမ္ပဏီက မီဒီယာများအားဖြေကြားထားသည်။ လက်ရှိ မြန်မာ့ပင်လယ်ပြင် တွင် ဇောတိက၊ ရဲတံခွန်နှင့် ရွှေ သဘာဝဓာတ်ငွေ့ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် များမှာ သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်လျက်ရှိသည်။

၂၀၁၄ သဘာဝဓာတ်ငွေ့ ရောင်းဈေးသည် ရေနံတွင်းဝ ပေါက်ဈေးတွင် mmBtu ကို အမေရိကန် ၈ ဒေါ်လာခန့်ပေါက်ပြီး လက်ရှိတွင် ၅ ဒသမ ၈ ဒေါ်လာခန့်ရှိသည်။
7 day

No comments:

Post a Comment