Thursday 24 September 2015

အသတ်ခံရသည့် ဇာဘုရင် နီကိုလတ်နှင့် မိဖုရားတို့၏ အရိုးများကို ရုရှ ပြန်လည်တူးဖော်


၁၉၁၈ ခုနှစ်က ဇာဘုရင်နှင့် မိသားစုများကို သတ်ဖြတ်မှုကို ပြန်လည်စစ်ဆေးနေသောကြောင့် ရုရှ စုံစမ်းစစ်ဆေးရေးမှူးများက နောက်ဆုံးဇာဘုရင်နှင့် မိဖုရားတို့၏ ရုပ်ကလာပ်အကြွင်းအကျန်များကို ပြန်လည်တူးဖော်ခဲ့ကြသည်ဟု ဆိုသည်။
ဇာဘုရင် ဒုတိယမြောက်နီကိုလတ်နှင့် မိဖုရားတို့၏ ကြွင်းရစ်သော ရုပ်ကလာပ်များမှာ နမူနာများကို ရယူခဲ့ကြပြီး၊ ၁၈၈၁ခုနှစ်က အသတ်ခံခဲ့ရသည့် နီကိုလတ်၏ အဖိုး ဒုတိယမြောက် အလက်ဆန်းဒါး၏ သွေးစွန်းနေသော ယူနီဖောင်းမှလည်း နမူနာများ ရယူခဲ့ကြသည်ဟု ဆိုသည်။
တော်လှန်ရေးသမား ဘော်ရှီဗစ်များ၏ သတ်ဖြတ်မှုခံခဲ့ရသည့် ရိုမန်နော့မိသားစုဝင်များကို စိန့်ပီတာစဘာ့ ဘုရားကျောင်းတွင် မြှုပ်နှံထားခဲ့သည်။ အခြားအလားတူနေရာများတွင် မြှုပ်နှံထားသည့် အခြားဆွေမျိုးများနှင့် အချိတ်အဆက်ကို အတည်ပြုရန်အတွက် အော်သိုဒေါ့စ်ဘုရားကျောင်းကလည်း ကြွင်းရစ်သော ရုပ်ကလာပ်များကို ပြန်လည် စစ်ဆေးစေလိုသည်။

မျိုးဗီဇစစ်ဆေးမှုများက ၁၉၉၁ခုနှစ်က ယူရယ်တောင်တန်းဒေသတွင် အစုလိုက်အပြုံလိုကမြှုပ်နှံထားသည့် သင်္ချိုင်းတစ်ခုတွင် တွေ့ရှိရသော ရုပ်ကလာပ်အကြွင်းအကျန်များမှာ ရိုမန်နော့မိသားစုဝင်များ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးနောက် ၁၉၉၈ခုနှစ်တွင် ကြာရှည်လေးမြင့်စွာ စစ်ဆေးလာခဲ့သည့် လူသတ်မှုကို ပိတ်သိမ်းခဲ့သည်။
ဇာဘုရင် ဒုတိယမြောက် နီကိုလတ်၊ အလက်ဇန္ဒရာနှင့် သမီးတော်၎ယောက်၊ သားတော် ဇာရီဗစ် အလက်ဇီနှင့် မင်းမှုထမ်း၎ယောက်တို့ကို ၁၉၁၈ခုနှစ်၊ ယီကေတာရင်ဘာ့ရှိ အိမ်တစ်အိမ်၏ အခန်းတစ်ခန်းထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။
တစ်ညသားတွင် ဇာဘုရင်နှင့် မိသားစုများကို မိသားစုဓာတ်ပုံရိုက်ရန်အတွက်ကဲ့သို့ တန်းစီခိုင်းပြီး ဘော်ရှီဗစ် လက်မရွံ့တပ်ဖွဲ့က ကျည်ဆန်များ မိုးရွာချသလို တရစပ်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်သက်သေများ၏ မှတ်တမ်းများက ဆိုသည်။ ပွဲချင်းပြီး မသေသေးသူများကို ဘက်နက်များဖြင့် ထိုးခဲ့ကြသည်ဟု ဆိုသည်။
သို့ရာတွင် ရုရှအော်သိုဒေါ့ဘုရားကျောင်းက မျိုးဗီဇစစ်ဆေးမှုရလဒ်များကို မယုံကြည်ရသည့်အကြာင်းရင်းမှာ ၂၀၀၇ခုနှစ်တွင် ယူရယ်တောင်တန်း၏ အခြားတစ်နေရာ၌ ဇာရီဗဟစ် အလက်ဇီနှင့် မြို့စားကတော် မာရီယာတို့၏ ရုပ်ကြွင်းများကို တွေ့ရှိခဲ့ရသောကြောင့်ပင် ဖြစ်သည်။
mizzima

No comments:

Post a Comment