Friday 3 July 2015

ပယ်လ်မိုင်ယာရှိ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ ခြင်္သေ့ရုပ်တုကြီးကို အိုင်အက်စ်တို့ ဗုံးခွဲဖျက်ဆီး

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ထားရာ ပယ်လ်မိုင်ယာမြို့ရှိ ရှေးဟောင်းပြတိုက်ကြီး အပြင်ဘက်မှ နှစ် ၂၀၀၀ ကျော် သက်တမ်းရှိသော ခြင်္သေ့ရုပ်တုကြီးကို ဗုံးခွဲ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
လူ့သမိုင်းတွင် အကြီးကျယ်ဆုံး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ရပ်ဝန်းတစ်ခုအဖြစ် အသိအမှတ်ပြု ခံရသည့် ပယ်လ်မိုင်ယာ မြို့တော်ဟောင်းကို ဆီးရီးယား အစိုးရ တပ်များလက်မှ အိုင်အက်စ်တို့ သိမ်းယူပြီး ကတည်းက မြို့တွင်းရှိ ရှေးအနုပညာ လက်ရာများအတွက် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများသည် ယခင်ကလည်း ၎င်းတို့ ထိန်းချုပ်ထားရာ နယ်မြေများရှိ ရှေးယဉ်ကျေးမှု လက်ရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ဖူးသည်။
အယ်လတ်၏ ခြင်္သေ့ကြီးဟု ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ ရုပ်တုကြီးသည် အစားထိုး မရနိုင်သည့် ယဉ်ကျေးမှု လက်ရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် ဖျက်ဆီးခံလိုက်ရပြီဟု ဆီးရီးယား ရှေးဟောင်း ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူး မာမွန် အက်ဘ်ဒဲလ်ကာရင်မ်က ပြောကြားခဲ့သည်။

“အိုင်အက်စ် အဖွဲ့သားတွေဟာ စနေနေ့ (ဇွန် ၂၇ ရက်နေ့)က အယ်လတ်၏ ခြင်္သေ့ကြီးကို ဖျက်ဆီးပစ်လိုက်ပါပြီ။ ၃ မီတာ အမြင့်ရှိပြီး ၁၅ တန် အလေးချိန်စီးတဲ့ ရုပ်တုကြီးဟာ တကယ့်ကို တန်ဖိုးရှိတဲ့ ရှေးလက်ရာ တစ်ခုပါ။ ဒီရုပ်တုကြီးကို ဖျက်ဆီးပစ်လိုက်ခြင်းဟာ ပယ်လ်မိုင်ယာရဲ့ ရှေးအမွေအနှစ်တွေအပေါ် အဆိုးဆုံး ရာဇဝတ်မှုတစ်ရပ် ကျူးလွန်လိုက်ခြင်းပါပဲ”ဟု အက်ဘ်ဒဲလ်ကာရင်မ်က ရှုတ်ချသွားခဲ့သည်။

စကျင်ကျောက်သားဖြင့် ထုလုပ်ထားသည့် အဆိုပါ ရုပ်တုကြီးကို ပိုလန်မှ ရှေးဟောင်းယဉ်ကျေးမှု သုတေသန ပညာရှင် အဖွဲ့တစ်ခုက အယ်လတ် ဘုရားကျောင်း နေရာတွင် ၁၉၇၇ ခုနှစ်၌ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အယ်လတ် နတ်ဘုရားသည် အစ္စလာမ်မစ်ဝါဒ မထွန်းကားမီက အာရပ်လူ့အဖွဲ့အစည်းတွင် ကိုးကွယ်သည့် နတ်ဘုရားတစ်ပါးဖြစ်ပြီး ခြင်္သေ့ရုပ်တုကြီးသည် ဘီစီ တစ်ရာစု ကတည်းက လက်ရာဖြစ်မည်ဟု ယူဆရသည်။

ဆီးရီးယားတွင် ပြည်တွင်းစစ် ဖြစ်ပေါ်လာသည့်နောက် ရုပ်တုကြီးကို မတော်တဆ ထိခိုက်မှု မရှိအောင် သတ္တုပြားများဖြင့် ဖုံးအုပ်ပြီး သဲအိတ်များဖြင့် ကာကွယ်ထားကြောင်း အက်ဘ်ဒဲလ်ကာရင်မ်က ဆိုသည်။ “ဒါပေမဲ့ အိုင်အက်စ်ကောင်တွေ ပယ်လ်မိုင်ယာကို ရောက်လာမယ်လို့တော့ ကျွန်တော်တို့ လုံးဝ မျှော်လင့်မထားခဲ့ဘူးလေ”ဟု ၎င်းက ဖွင့်ဟခဲ့သည်။

ယူနက်စကို၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ပယ်လ်မိုင်ယာ မြို့တော်ဟောင်းကို မေလ ၂၁ ရက်တွင် အိုင်အက်စ်တို့က သိမ်းပိုက်လိုက်သည်။ လက်ရှိအချိန်တွင် မြို့တော်ဟောင်း၏ အရေးပါသည့် အမွေအနှစ် နေရာ အများစုသည် ခြေရာလက်ရာမပျက် ရှိနေဆဲ ဖြစ်သော်လည်း အိုင်အက်စ်တို့သည် မြို့ဟောင်းအတွင်း မြေမြှုပ်မိုင်းများ ဖြန့်ကျက် ထောင်ထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
_Ref: Hindustantimes

No comments:

Post a Comment