Saturday 13 June 2015

ဘင်္ဂါလီများအား ခွဲခြားဆက်ဆံမှုများကြောင့် မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်းမဟာသီယာ တောင်းဆိုမှု မြန်မာ ပယ်ချ

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က မြန်မာနိုင်ငံတွင် “အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” ပြုလုပ်နေခြင်းကို လက်မခံနိုင်သည့်အတွက် အာဆီယံမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း မလေးရှားအခြေစိုက် The Star Online တွင် ဇွန် ၁၂ ရက်က ဖော်ပြထားသည်။

ထို့အပြင် ၎င်းက ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

“ဒီလိုနိုင်ငံမျိုးက ကျွန်တော်တို့ကို နာမည်ဆိုးပဲဖြစ်စေပါတယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်တယ်ဆိုရင် အာဆီယံကနေ ထွက်ပါ။ ပိုပြီးလူသားဆန်ဆန် ဆက်ဆံဖို့ မြန်မာကို တောင်းဆိုခဲ့ပေမယ့် ဘာမှမတုံ့ပြန်ခဲ့ကြပါဘူး။ အဲဒီအစား သူတို့ဟာ လူတွေကို တရားညှာတာမှုမရှိ ဆက်လက်သတ်ဖြတ်နေပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး”ဟု “ရိုဟင်ဂျာများ၏ ဒုက္ခ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် နိုင်ငံတကာညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအတွင်း မဟာသီယာက ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့တွေက ဘာမှမလုပ်နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ကတော့ ဖိအားပေးဖို့ လိုအပ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ဆီ စာတောင်ရေးခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှအကြောင်းပြန်ကြားတာမျိုး မရှိပါဘူး။ ဒါကြောင့် ဒီလူတွေရဲ့ ကံကြမ္မာကို အပြင်ဘက်ကနေပဲ ကာကွယ်ပေးရပါလိမ့်မယ်”ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းက ပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းက ဆက်လက်၍ လှေစီးဒုက္ခသည်အရေးသည် မြန်မာနိုင်ငံကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းနှင့် အာဆီယံ၏ ပြည်တွင်းရေး မစွက်ဖက်ရမူဝါဒ၏ ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံက ယခုကဲ့သို့ ချိုးဖောက်မှုများ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“နိုင်ငံရေးအကြောင်းအရာဆိုရင်တော့ ဒါကိုလက်ခံပေးလို့ရပါတယ်။ ဒါပေမဲ့ ပြည်တွင်းရေး မစွက်ဖက်ရမူဝါဒမှာ ဘာတွေကို မစွက်ဖက်ရတာလဲဆိုတဲ့ ကန့်သတ်ချက်တော့ ရှိသင့်ပါတယ်။ ပြည်တွင်းရေးဆိုပေမယ့်လည်း လူသတ်တာကိုတော့ ခွင့်လွှတ်ပေးလို့မရပါဘူး။ လူတွေကို ဒီလိုပုံစံ ဆက်ဆံခွင့်မရှိသင့်ပါဘူး”ဟု မဟာသီယာက ပြောကြားသည်။ ထို့အပြင်ဆက်လက်၍ ကမ္ဘောဒီးယားတွင် လူနှစ်သန်းကျော်သတ်ဖြတ်စဉ်ကလည်း မလေးရှားနိုင်ငံအနေဖြင့် လက်ပိုက်ကြည့်နေပြီး ဘာမှမလုပ်ခဲ့မိကြောင်း ၎င်းက ဝ၀န်ခံပြောကြားသည်။

ဘင်္ဂါလီ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် မျိုးဆက်များစွာ နေထိုင်ခဲ့သူများဖြစ်ကြောင်းနှင့် တရားဥပဒေအရ နိုင်ငံသားများကို နိုင်ငံအတွင်းမှ နှင်ထုတ်၍မရနိုင်ကြောင်း၊ ၎င်းအနေဖြင့် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ဟောကြားသည့်ဘာသာဖြစ်သည့်အတွက် လေးစားမိကြောင်း၊ သို့သော် ငြိမ်းချမ်းရေးလိုလားသည့် ဗုဒ္ဓဘာသာဝင်များက သတ်ဖြတ်မှုများ မီးရှို့မှုများကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်နေကြောင်း၊ ဗုဒ္ဓဘာသာအပါအ၀င် ဘာသာတိုင်းက တားမြစ်ထားသည့်အရာများကို လုပ်ဆောင်နေကြကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမတ်က ပြောကြားသည်။

“ပထမဆုံးအချက်ကတော့ မဟာသီယာဟာ သတင်းအချက်အလက် အမှားတွေကို နားယောင်ပြီး ဘာသာအစွဲနဲ့ ဒီလိုပြောကြားခဲ့တာဖြစ်မယ် ထင်ပါတယ်။ ဒီပြောကြားချက်ကို ပြတ်ပြတ်သားသား ပယ်ချပါတယ်။ ဒီလိုမျိုး သတ်ဖြတ်နေတာမျိုးတွေ မြန်မာနိုင်ငံမှာ မရှိပါဘူး။ ပဋိပက္ခကာလမှာ ဖြစ်ပွားခဲ့တာတွေအတွက် ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ စီရင်ထားပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ တည်ငြိမ်စပြုနေပြီ ဖြစ်ပါတယ်။ အခု ပြောဆိုချက်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်သက်နေတဲ့ ပြည်တွင်းအနေအထားကို ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာအောင် လှုံ့ဆော်ရာရောက်နေတဲ့အတွက် အပြုသဘော ပြောဆိုဝေဖန်ကြဖို့ ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

“ဒုတိယအချက်အနေနဲ့ Boat People ပြဿနာရဲ့ ဇာစ်မြစ်က လူမှောင်ခိုဂိုဏ်းတွေ၊ လူပွဲစားတွေက တရားမ၀င်အလုပ်သမားအဖြစ် ဈေးနှုန်းသက်သက်သာသာနဲ့ လူမဆန်စွာ ရက်ရက်စက်စက် ကျွန်ပြုခိုင်းစေနိုင်ဖို့ ဥပဒေမဲ့ လုပ်နေခဲ့တာတွေပဲ ဖြစ်ပါတယ်။ 
မလေးရှားမှာရော ဒေသတွင်းနိုင်ငံတွေမှာပါ လူမဆန်တဲ့ ဒီလုပ်ရပ်တွေ ဖြစ်ချင်တိုင်းဖြစ်နေတာတွေက အခုမှ ပေါ်ပေါက်လာတာပါ။ ဆင်းရဲနွမ်းပါး လူဦးရေထူထပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ ပြည်ပနိုင်ငံသားတွေကို လူသားမဆန်တဲ့ မှောင်ခိုရောင်းဝယ်မှု၊ ကျွန်ပြုခိုင်းစေမှုတွေ လုပ်ချင်သလိုလုပ်နေတာတွေကို တစ်နိုင်ငံချင်းရော ဒေသတွင်းမှာရော ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားကြဖို့ ဖြစ်ပါတယ်။ ဒေသတစ်ခုလုံးမှာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ဒီပြဿနာ ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လက်ညှိုးထိုးပြီး အပြစ်ပုံချလိုက်ရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပြဿနာဇာစ်မြစ်ကို ဖြေရှင်းနိုင်ဖို့ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်” ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“တတိယအချက်အနေနဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး စွပ်စွဲပြောကြားနေတာတွေ ရပ်တန်းက ရပ်ဖို့လိုပြီဆိုတာ ပြောချင်ပါတယ်။ နိုင်ငံတွေအနေနဲ့ အာဆီယံမိတ်ဆွေအချင်းချင်း လေးစားမှုရှိဖို့ လိုပါတယ်။ လက်တွေ့ မြေပြင်အခြေအနေကို သိချင်ရင် မြန်မာနိုင်ငံကို လာကြည့်ပါ။ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီ။ ဘာကိုမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ Boat People ပြဿနာ ဖြစ်နေတာ ဟိုးအရင်ကတည်းက ဖြစ်နေတာ။ အဲဒီတုန်းက ဇာစ်မြစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ခဲ့တယ်ဆိုတာ သတိပြုစေချင်တယ်။ အဲဒီလို မြန်မာနိုင်ငံမှာ ဖိနှိပ်ခွဲခြားမှုတွေရှိလို့ ထွက်ပြေးနေတယ်ဆိုတဲ့ မဟုတ်တမ်းရာ ပြောကြားချက်သာ မှန်မယ်ဆိုရင် ဟိုအရင်ကာလကတည်းက သွားလာနေတဲ့ Boat People အရေအတွက် တွက်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတစ်ယောက်မှ ရှိတော့မှာမဟုတ်ဘူးဆိုတာ အတိအလင်းပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်အစိုးရတွေ လက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်။ ဦးသိန်းစိန်လက်ထက်လည်း ဒီလိုရှိမှာပဲဆိုပြီး ယုတ္တိယုတ္တာတစ်ခုကို ဖန်တီးပြီး စွပ်စွဲတာတွေလုပ်၊ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ဖမ်းမိပြီဆိုတာနဲ့ မြန်မာနိုင်ငံသားပါလို့ ပြော။ ဒီလို လုပ်ဆောင်နေတာတွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ စဉ်းစားဖို့လိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြား သည်။ 

Writer: ဇေယျာနန္ဒ


Eleven Media

No comments:

Post a Comment