Sunday 29 March 2015

မြေယာသိမ်းဆည်းမှုများတွင် ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့် ကြံ့ခိုင်ရေး ပါတီ ပါဝင်ဟု Global Witness ထုတ်ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်း မြေယာသိမ်းဆည်းမှု ပြဿနာများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့် ဝန်ကြီးတစ်ဦး အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပါဝင်ပတ်သက်နေကြောင်း အင်္ဂလန်အခြေစိုက် Global Witness အဖွဲ့အစည်းက ထုတ်ပြန်သည်။
လားရှိုးခရိုင်နှင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်အတွင်း ပြုလုပ်ခဲ့သည့် မြေယာသိမ်းဆည်းမှုများတွင် လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် OK နို့ဆီနှင့် နို့စိမ်း၊ လန်ဒန်နှင့် ငါးသုံးလုံး စီးကရက်ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် ရော်ဘာစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသည့် စိန်ဝတ်မှုံ ကုမ္ပဏီတို့ ဖြစ်ကြောင်း Global Witness ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Global Witness အနေနှင့် အဆိုပါ ဒေသအတွင်း အစိုးရတာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ဒေသခံများကို တွေ့ဆုံးမေးမြန်းမှုပေါင်း ၁၅၀ ကျော်နှင့် ၁၈ လအကြာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ထုတ်ပြန်သည့် “သေနတ်များ၊ ခရိုနီများနှင့် ကောက်ပဲသီးနှံများ” အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်ြး ဖစ်သည်။
မြေယာသိမ်းဆည်းမှု အများစုသည် ၂၀၀၆ ခုနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အနေနှင့် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပြီး အဆိုပါ ဌာနချုပ်၏ ကွပ်ကဲမှုဖြင့် မြေသိမ်းမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ဝင် ဖြစ်သည့် မြေယာအရေး ဦးဆောင်လှုပ်ရှားသူ Josie Choen က ပြောကြားသည်။
“ရွာသူရွာသားတွေက ပြောခဲ့တာက ဦးမြင့်လှိုင်က ဒီမြေယာသိမ်းဆည်းမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ သူ့မျက်နှာကြီးကိုပါ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်” ဟု အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက် လေ့လာခဲ့သည့် ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။
သိမ်းယူခဲ့သည့် မြေယာများအနက် ဧကပေါင်း ၄၆၀၀ ကျော်ကို စိန်ဝတ်မှုံ ကုမ္ပဏီက လက်ရှိ ရော်ဘာစိုက်ပျိုးလျက် ရှိပြီး ဧက ၁၃၀၀ ကိုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ တရားမဝင် လွှဲပြောင်းပေးခဲ့သည့် အစိုးရစာရွက် အထောက်အထားများကို ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
စိန်ဝတ်မှုံ ကုမ္ပဏီ အနေနှင့် အဆိုပါ ဒေသအတွင်း ရော်ဘာစိုက်ခင်းပေါင်း ၁၁ ခု လုပ်ကိုင်နေပြီး မြေယာလျော်ကြေးများ ပေးဆောင်ခဲ့ခြင်း မရှိသည့်အပြင် ဒေသခံများကို အလုပ်အကိုင် ဖန်တီးပေးခြင်း မရှိခဲ့ကြောင်း Josie Choen က ဆိုသည်။
“ဒါပေမဲ့ ၂၀၁၁ ခုနှစ် သိမ်းဆည်းခံခဲ့ရတဲ့ ရွာတစ်ရွာက လူတချို့ကတော့ လျော်ကြေးအနည်းအပါး ရခဲ့တာ ရှိပါတယ်။ အဲဒါကလွဲလို့ ကျန်တဲ့ လူတော်တော်များများ၊ ကျန်တဲ့လူတွေ အားလုံးလောက်နီးနီးဟာ ဘာလျော်ကြေးမှ မရခဲ့ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ မြေသိမ်းမှုများတွင် အကျိုးခံစားခွင့် ရရှိသူများအဖြစ် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်နှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်သည့် ဦးရှောက်ချမ်းနှင့် ဦးကျင်ဝမ်းတို့ နှစ်ဦးလည်း ပါဝင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေသိမ်းဆည်းထားမှုများနှင့် ပတ်သက်၍ စိန်ဝတ်မှုံ ကုမ္ပဏီပိုင်ရှင် ဦးမောင်မြင့်က ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေနှင့် ဒေသခံ ပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း ပြန်လည်ဖြေဆိုခဲ့ကြောင်း Josie Choen က ပြောကြားသည်။
ယင်းအပြင် Golbal Witness အဖွဲ့အစည်း၏ လေ့လာတွေ့ရှိများနှင့် ပတ်သက်၍ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် အပါအဝင် အဆိုပါ ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာတွင် ထပ်မံပါရှိသည်။
Golbal Witness အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်း သဘာဝသယံဇာတနှင့် ဆက်နွှယ်သည့် ပဋိပက္ခ၊ လာဘ်စားမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ ဝင်ရောက်လှုပ်ရှားခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

The Voice Weekly

No comments:

Post a Comment