Monday 9 March 2015

ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ငြိမ်းချမ်းရေးစကား လုံးဝပြောမည်မဟုတ်ပါ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ရဲ့ နယ်မြေအစိတ်အပိုင်း တစ်ခုခုကို ကျူးကျော်တိုက်ခိုက်တာဖြစ်လို့ အချုပ်အခြာ အာဏာ ကို ထိပါးစော်ကားခြင်းပါလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုထားပြီးဖြစ်ပါတယ်။ တစ်ဆက်တည်းဆိုသလို ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို လုံးဝအလျော့ပေးမှာ မဟုတ်ကြောင်းလည်း ပြောကြားထားပြီးဖြစ်ပါ တယ်။ ဆိုလိုချင်တာက ကိုးကန့်သောင်းကျန်းသူအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသုတ်သင်သွားမှာဖြစ်ပါတယ်။

ဒါကို အမျိုးတော်လို့လား မသိပါဘူး။ နောက်ကွယ်ကကြိုးကိုင်နေတယ်ဆိုပြီး သတင်းထွက်နေတဲ့ တရုတ်က ကိုးကန့်အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ စကားနာထိုးလာပါတယ်။ မြန်မာနိုင်ငံဘက်က ကမ်းလှမ်းမယ် ဆိုရင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်အောင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ချင်တယ်လို့ ဘေကျင်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဖုန်ကြားရှင်ကို ကူညီချင်တဲ့စိတ်က တရုတ်ကြီးခမျာ ဟန်မဆောင်နိုင်တော့တဲ့အခြေအနေ ဖြစ်လာတယ်လို့ ပြောချင်ပါတယ်။
ဒါဆိုရင် ဖုန်ကြားရှင်ကြောင့် တိုက်ပွဲတွေမှာကျဆုံးသွားတဲ့ တပ်မတော်ဘက်က အရာရှိ၊ စစ်သည်တွေ အပြစ်မဲ့ ပြည်သူတွေရဲ့သောကအတွက် တရုတ်ဘာလုပ်ပေးခဲ့သလဲ မေးချင်ပါတယ်။ အဲဒီဆုံးရှုံးနစ်နာမှုတွေအတွက် ငြိမ်းချမ်းရေးစကားပြောပြီး မေ့ပစ်လိုက်ရမှာလား။ ကျေနပ်ပေးရမှာလား။ ပြောကြည့်စမ်းပါ။ တရုတ်အစိုးရရဲ့ အာဘော်တွေကို ဖော်ပြပေးနေတဲ့ Global Time သတင်းစာမှာ ဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို ထည့်ပေးလိုက် ကတည်းက ဖုန်ကြားရှင်ကို မြှောက်ပေးတာနဲ့ အတူတူမဟုတ်ဘူးလား။
ကိုးကန့်ဒေသကို ပြန်တိုက်မယ်လို့ ဖုန်ကြားရှင် ပြောခွင့်ရအောင် လုပ်ပေးခဲ့တာ တရုတ်ပါ။ အခုမှလာပြီး ငြိမ်းချမ်းရေးစကားလာမပြောနဲ့။ အစိုးရလက်ကမ်းမဲ့အထဲမှာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ ဘယ်တော့မှ ပါဝင်လာမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်ကြားရှင်ဟာ ၀ရမ်းပြေးတစ်ယောက်အဖြစ် ယနေ့အချိန်အထိ ပြစ်ဒဏ် မခံယူသေးတာကြောင့်ပါ။ ၂၀၀၉ ခုနှစ်တုန်းက ရဲဝန်ထမ်းတွေကို ရက်ရက်စက်စက်သတ်ပြီး ထွက်ပြေး သွားတဲ့ဖုန်ကြားရှင်ကို ပြုံးပြပြီး ကြိုဆိုရမှာလား။ ၀မ်းနည်းပါတယ်လို့ပဲ ပြောပါရစေ။
ဖုန်ကြားရှင်ရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အရှက်ရစေခဲ့ တယ်။ ကိုးကန့်တိုင်းရင်းသားတွေ နေထိုင်တဲ့ ကိုးကန့်ဒေသကို ကိုးကန့် ခေါင်းဆောင် လုပ်ဖူးတဲ့သူက ပြန်တိုက်တယ်ဆိုတာ ဘယ်လောက်ရှက်ဖို့ ကောင်းလိုက်သလဲ။ လက်ရှိအချိန်အထိ ကိုးကန့်နယ်မြေမှာ ဖုန်ကြားရှင် အဖွဲ့က တိုက်ပွဲတွေဖြစ်အောင် ဖန်တီးနေတုန်းပဲ။ အခြားအဖွဲ့တွေကလည်း ကူတိုက်ပေးနေကြတုန်းပဲ။ အဲဒီလို လုပ်ချင်ရာလုပ်ပြီးတော့မှ ငြိမ်းချမ်းရေး စကားလာပြောတာကတော့ မြန်မာနိုင်ငံအစိုးရ အဲဒီလောက် မအသေးဘူးလို့ ပြောချင်ပါတယ်။
ဒါကြောင့် တရုတ်မျှော်လင့်သလို ဖုန်ကြားရှင်အဖွဲ့ကို ဘယ်တော့မှ ငြိမ်းချမ်းရေး စကားပြောမှာမဟုတ်ဘူး။ အပြီးတိုင် ချေမှုန်းသုတ်သင်သွား မှာဖြစ်ပါတယ်။ ကိုယ်နဲ့မျိုးနွယ်တူလို့ တရုတ်စိတ်မကောင်းဖြစ်ရင် ကျဆုံးသွား တဲ့တပ်မတော်သားတွေနဲ့ ပြည်သူတွေအတွက် မြန်မာနိုင်ငံသားတွေ ဘယ်လောက်စိတ်မကောင်းဖြစ်မယ် ဆိုတာ ကိုယ်ချင်းစာကြည့်ပါ။
သေချာတာတစ်ခုကတော့ ကိုးကန့်သောင်းကျန်းသူအဖွဲ့အား ငြိမ်းချမ်းရေးစကား လုံးဝပြောမည်မဟုတ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
ဇင်အောင်
နေ့စဉ်သတင်း

1 comment:

  1. ကျူးကျော်ရန်စတာဖြစ်လို့ တိုက်ထုတ်ရမှာသာ အမှန်ကန်ဆုံးပါ။အမိမြေအတွက် တိုက်ပွဲဝင်နေတဲ့ တပ်မတော်သား တွေကိုလေးစားဂုဏ်ပြုပါတယ်။အားပေးလျှက်ပါ။ကျူပင်ခုတ် ကျူ ငုတ်မကျန်အောင်သာဆော်ပစ်လိုက်ပါဗျာ။

    ReplyDelete