Wednesday 18 March 2015

ကိုးကန့်ဒေသတိုက်ပွဲ ကြာရှည်နိုင်သလား

ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်တပ်များ တိုက်ပွဲသည် အချိန်တိုအတွင်း မပြီးနိုင်သလို အဆိုပါတိုက်ပွဲမှာ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်
***
မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲအတွင်း ဗုံးဆန်အချို့ တရုတ်နိုင်ငံထဲသို့ ကျရောက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသားလေးဦး သေဆုံးခဲ့သည့်ဖြစ်ရပ်က ကိုးကန့်တပ်ဖွဲ့အပေါ် ထိုးစစ်အရှိန်မြှင့်တော့မည့် မြန်မာ့တပ်မတော်အတွက် အခက်အခဲ တွေ့သွားစေပြီဖြစ်သည်။
တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌက မြန်မာ့ကာကွယ်ရေးဦးစီးချုပ်ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အလားတူကိစ္စမျိုးထပ်ဖြစ်ပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု တရုတ်မီဒီယာများကဖော်ပြသည်။ နှစ်နိုင်ငံနယ်စပ်တွင်လည်း တရုတ်လေတပ် တိုက်လေယာဉ်များ ကင်းလှည့်နေပြီး တပ်မတစ်ခုနှင့် သံချပ်ကာယာဉ်အများအပြားကို ချထားလိုက်သည်။ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပြီး တစ်လကျော်ကြာသည်အထိ မြန်မာ့တပ်မတော်က နယ်မြေစိုးမိုးရေးအတွက် ကိုးကန့်တပ်ဖွဲ့နှင့် တိုက်ပွဲများ နေ့စဉ်အပြင်းအထန်ဖြစ်ပွားနေပြီး အကျအဆုံးများလည်း နေ့စဉ်ရှိနေသည်။ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူတို့၏ အားကိုယူ၍ တိုက်နေရသော မြန်မာ့တပ်မတော်အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ၏ သတိပေးမှုအပေါ် ထည့်တွက်စဉ်းစားရတော့မည်ဖြစ်ရာ ကိုးကန့်ဒေသတိုက်ပွဲများ ကြာရှည်လာမည်ဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတို့က ပြောကြားသည်။

လေကြောင်းပစ်ကူမပါတော့ရင် ကိုးကန့်ဒေသတိုက်ပွဲတွေ ကြာနိုင်မလား

ကိုးကန့်ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက ဒေသခံများပါ ပူးပေါင်းလာ၍ ကိုးကန့်အင်အား ၃,၀၀၀ နှင့် မဟာမိတ် (TNLA နှင့်ရက္ခိုင့်တပ်မတော်)က ၂,၀၀၀ စုစုပေါင်း ၅,၀၀၀ ခန့်ရှိနေပြီဟုဆိုသည်။ အစိုးရတပ်မတော်ကလည်း ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒစကလောက်ကိုင်)၊ တပ်မ (၃၃)၊ တပ်မ (၆၆) ၊ တပ်မ (၁၁)၊  စရက (၁၆) စသည့် တပ်မလေးခုအပါအ၀င် အင်အားစုစုပေါင်းခြောက်ထောင်မှ ခုနစ်ထောင်ခန့် ၀န်းရံထားရာ အင်အားအချိုးအစားကလည်း သိပ်မကွာလှကြောင်း စစ်ရေးလေ့လာသူများကပြောသည်။  

ကိုးကန့်ကို ထိုးစစ်များ အရှိန်ဆက်မြှင့်ရန် တပ်မ(၆၆)ကို ရဟတ်ယာဉ်များဖြင့် အပြောင်းအရွှေ့ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်အရှိန်မြှင့်မည့်အချိန်တွင် တရုတ်ဘက်သို့ ဗုံးကျသည့်ပြဿနာပေါ်လာခြင်းဖြစ်သည်။ တပ်များကို ရဟတ်ယာဉ်များဖြင့် တိုက်မည့်နေရာအနီးတစ်ဝိုက်ချထားပေးပြီး လူအင်အားအလုံးအရင်းကို လေကြောင်းဖြင့် သယ်ယူပေးသည့် အကြီးဆုံးလေကြောင်းချီ ပြောင်းရွှေ့မှုလည်းဖြစ်ကြောင်း တပ်မတော်နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

ကိုးကန့်ဒေသသည် နယ်မြေအနေအထားအရ တောတောင်ထူထပ်ခြင်း၊ ကိုးကန့်တပ်များက နယ်ခံများဖြစ်၍ နယ်မြေကျွမ်းကျင်ခြင်း၊ ဒေသခံလူထုနှင့် လူမျိုးတူခြင်းနှင့် ဖုန်ကြားရှင်မှာ အစဉ်အလာအရ သြဇာညောင်းသည့် စစ်ဒေသခေါင်းဆောင်ဖြစ်ခဲ့ခြင်း၊ ယခုတိုက်ပွဲကို လူသူလက်နက်အင်အားသာမက ၄င်းတို့ကို ၀န်းရံမည့် တပ်ပေါင်းစုများကိုပါ ရှာဖွေစည်းရုံးထားနိုင်ခြင်း၊ ထို့အပြင် နယ်စပ်ခွထားသော တောင်ကုန်းအချို့တွင် တပ်စခန်းများချထားခြင်းနှင့် ယခုနောက်ဆုံး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ တရုတ်ဘက်ကျရောက်ခြင်းတို့ကြောင့် မြန်မာ့တပ်မတော် ထိုးစစ်တွင် လေကြောင်းပစ်ကူကို ထိန်းသိမ်းဆောင်ရွက်ရတော့မည်ဖြစ်ရာ ကိုးကန့်တိုက်ပွဲသည် အနည်းဆုံး နောက်ထပ် လေးငါးလအထိ ကြာမြင့်သွားဖွယ်ရှိနေကြောင်း ထိုဒေသတွင် အချိန်အတော်ကြာနေထိုင်ခဲ့သည့် စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
‘‘တိုက်ပွဲမစခင်တည်းက ဒါက အမျိုးသားရေးအဖြစ် ဖုန်ကြားရှင်တို့ဘက်က ပြောဆိုလှုံ့ဆော်ထားတာ အများကြီးရှိတယ်။ စစ်တိုက်တယ်ဆိုတာ တောင်ကုန်းတစ်ခုရဖို့ မလွယ်ဘူးလေ။ နယ်စပ်မှာဖြစ်တော့ နယ်စပ်ကိုခွနေတဲ့ တောင်ကုန်းကို သူတို့တပ်က ခွထိုင်ထားရင် အဲဒီတပ်ကို ထိုးဖို့မလွယ်ဘူး။ တစ်ဖက်နယ်စပ်ကို သွားထိမှာပဲ။ ဒီလိုနေရာတွေက နယ်စပ်မှာအများကြီး။ သူတို့က ဒါတွေကိုလည်း သုံးပြီးသားဖြစ်ပုံရတယ်။ တိုက်ပွဲကတော့ကြာမှာပဲ’’ဟု သံလွင်မြစ်အရှေ့ခြမ်းဒေသတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ကိုယ်တိုင်လည်း စစ်ရေးအတွေ့အကြုံရှိသူ နိုင်ငံရေး၊ စစ်ရေး ဆောင်းပါးရှင် ဦးအေးမောင်ကျော်ကပြောသည်။

တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက မော်ထိုက်ကို ကိုးကန့်တပ်ဖွဲ့က သိမ်းထားသည့် သတင်းများထွက်ပေါ်ခဲ့သည်။ မော်ထိုက်မှာ ကိုးကန့်မြောက်ဘက်ခြမ်းအစွန် တရုတ်နယ်စပ်နှင့် နီးစပ်သည်။ လက်ရှိတိုက်ပွဲသတင်းများကို အစိုးရကဖော်ပြမှုတွင် မော်ထိုက်ကို ပြန်လည်သိမ်းပိုက်သည့် သတင်းမတွေ့ရသဖြင့် မော်ထိုက်မှာ ကိုးကန့်လက်ထဲတွင်သာရှိနေကြောင်း သတင်းများအရ ယူဆဖွယ်ရာရှိနေသည်ဟု သုံးသပ်သူတို့က ပြောသည်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားသည့်နေရာမှာ ကုန်းကြမ်း၊ တာရွှေထန်အောက်ဘက်တစ်ဝိုက်တွင်ဖြစ်ကြောင်း အစိုးရထုတ်ပြန်သည့် မြေပုံများကဖော်ပြသည်။ ထိုမြေပုံအရ ကုန်းကြမ်း၊ တာရွှေထန်၊ လောက်ကိုင်၊ ချင်းရွှေဟော်တစ်ဝိုက် အောက်ဘက်ခြမ်းတွင် ဖြစ်ပွားနေပြီး ထိုဒေသအပေါ်ဘက်ခြမ်းတွင် တိုက်ပွဲများမရှိ၍ ကိုးကန့်တပ်ဖွဲ့က အပေါ်ပိုင်းကို စိုးမိုးထားနိုင်သလားဟု မေးခွန်းထုတ်စရာဖြစ်လာကြောင်း တရုတ်- မြန်မာနယ်စပ်တွင် နေထိုင်ခဲ့သည့် စစ်ရေးအတွေ့အကြုံရှိသူ ဆောင်းပါးရှင် ဦးမောင်မောင်စိုးကပြောသည်။

‘‘လက်နက်ငယ်အချင်းချင်းတိုက်ရရင် တိုက်ပွဲက နည်းနည်းတော့ ခက်သွားလိမ့်မယ်။ ကိုးကန့်သူပုန်တွေက နယ်မြေကျွမ်းကျင်မှုကို အခြေခံပြီးတိုက်နေတာ။ ဒီကတက်သွားတဲ့ တပ်တွေက နယ်မြေမကျွမ်းဘူး’’ဟု ၄င်းကပြောသည်။

ထို့အပြင် ယခင်ဖွဲ့ထားသည့် အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်က ဖုန်ကြားရှင်ဘက်ကို သွားရောက်ပူးပေါင်းခဲ့ပြီး စစ်မတိုက်ခင်ကတည်းက ကိုးကန့်တွင် လူနည်းစုအဖြစ်ရှိနေသည့် ပလောင်တို့၏ ထောက်ခံမှုကိုရရှိနိုင်ရန် ပလောင်တပ်ကို ဆွဲသွင်းခြင်းကလည်း ဖုန်ကြားရှင်၏ ပါးနပ်မှုပင်ဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတို့ကဆိုသည်။ ကိုးကန့်ပြဿနာကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC)၊ UNA တို့အပြင် တိုင်းရင်းသားအဖွဲ့အများစုက နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန် တိုက်တွန်းထားသည်။

တရုတ်အစိုးရကလည်း ကိုးကန့်တိုက်ပွဲများ စတင်ဖြစ်ပွားကတည်းက နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် မြန်မာအစိုးရနှင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းဖြေရှင်းရေးပြုလုပ်ရန် တိုက်တွန်းထားသည်။

တရုတ်ဘက်က ဖိအားကြောင့် လေကြောင်းပစ်ကူများသုံးရန် သတိထားဆောင်ရွက်ရေးနှင့်ပတ်သက်၍ တပ်မတော်၏စစ်ဆင်ရေးကို ထိခိုက်နိုင်စရာမရှိသော်လည်း  ဆက်စပ်နယ်မြေနှင့် ပထ၀ီအနေအထားအရ အမြစ်ပြတ်နိုင်ဖို့ ကြန့်ကြာနိုင်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

‘‘ဖုန်ကြားရှင်အဖွဲ့ အမြစ်ပြတ်ဖို့ ဆိုတာကတော့  စစ်ရေးသဘောမှာ အပြီးတိုင် မြေသိမ်းနိုင်ဖို့ဆိုတဲ့နေရာမှာ ကွက်ပြည့်တပ်ချဖို့ ဆိုတာကတော့ ရယူဖို့ခက်ခဲပါတယ်။ ဒေသတစ်ခုလုံး လွှမ်းခြုံပြီး ထိန်းနိုင်ဖို့ လုပ်နေပါတယ်’’ဟု ၎င်းကပြောသည်။

စစ်သဘောတွင် မြေနှင့်ရာသီဥတုမှာ အရေးပါသည်မှန်သော်လည်း မြန်မာ့တပ်မတော်က ကိုးကန့်နယ်မြေ၊ ရာသီဥတုနှင့် အထိုက်အလျောက်ရင်းနှီးထားပြီးဖြစ်ရာ စစ်ရှိန်မြှင့်တင်ရာတွင် အခက်အခဲတွေ့နိုင်သည်ကလွဲ၍ စစ်ဗျူဟာပိုင်းတွင် ကြီးကြီးမားမားသက်ရောက်မှု ရှိနိုင်မည်မထင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ဖုန်ကြားရှင်မှာ လက်ရှိကိုးကန့်ဒေသခေါင်းဆောင် ပယ်စောက်ချိန်နှင့် အဆင့်ကွာခြားမှုကလည်း တိုက်ပွဲများအတွင်း ကိုးကန့်ဒေသခံများ၏ အစဉ်အလာ ခေါင်းဆောင်မှုအပေါ် အသာစီးယူနိုင်ခဲ့ကြောင်း ဦးမောင်မောင်စိုးက ထောက်ပြသည်။

၁၉၈၉ တွင် ဗကပကို ပုန်ကန်ချိန်က ဖုန်ကြားရှင်မှာ စစ်ဒေသခေါင်းဆောင်အဆင့်ဖြစ်ပြီး ပယ်စောက်ချိန်မှာ ကိုးကန့်ခရိုင်တပ်၏ တပ်မှူးအဆင့်သာဖြစ်သည်။ ထို့အပြင် လက်ရှိကိုးကန့်မှ ကြံ့ခိုင်ရေးအမတ် ဝေလျှောက်လျှံမှာလည်း ၁၉၆၈ က ဗကပ (၄၀၄) စစ်ဒေသသို့ ရောက်ချိန်တွင် ဖုန်ကြားရှင်၏ အခြွေအရံအဆင့်သာဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ဖုန်ကြားရှင်က စစ်ဒေသခေါင်းဆောင် တပ်မနှစ်ခု၊ သုံးခုကိုင်တိုက်လာတဲ့ ခေါင်းဆောင်ဆိုတော့ သြဇာနဲ့အဆင့်၊ လုပ်နိုင်စွမ်းတော့ကွာတယ်” ဟု ၄င်းကပြောသည်။

သို့သော် ဒေသခံအင်အားနှင့် နယ်မြေအနေအထား မည်မျှကျွမ်းကျင်ပါစေ၊ ရေရှည်တိုက်ပါက ဇွဲနှင့်တိုက်ရည်ခိုက်ရည်မှာ မြန်မာစစ်တပ်ကို အနိုင်တိုက်နိုင်သည့် အင်အားမရှိကြောင်း ဦးအေးမောင်ကျော်ကပြောသည်။

‘‘ရေရှည်တိုက်ရင် အစိုးရတပ်ကိုတော့ ဘယ်အဖွဲ့မှမနိုင်ဘူး။ အစိုးရက အင်အားပိုကြီးတယ်။ လူအင်အားလက်နက်ပိုကောင်းတယ်။  ပြဿနာက ကြားထဲက လူထုပဲ။ ဘယ်လောက်ကြာမလဲဆို အကြာကြီးကြာလို့မရဘူး။ ဒုက္ခသည်တွေရှိတယ်။ ဟိုဘက်က တရုတ်က ဒုက္ခသည်တွေ ပြန်ပို့မယ်ဆို ပြဿနာတွေရှိတယ်။ ရေရှည်သိပ်အကြာကြီးဆွဲလို့မရဘူး။ အခု စစ်အုပ်ချုပ်ရေးသုံးလ။ နောက်ထပ် ထပ်တိုးပေးရင် သုံးလပေါ့’’ ဟု ၄င်းကပြောသည်။

အထူးသဖြင့်  မကြာမီ ပွင့်လင်းရာသီကုန်ဆုံးမည်ဖြစ်သည်။ သင်္ကြန်အပြီး မိုးရာသီစတင်ပါက တောင်တန်းဒေသအနေအထားအရ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူတို့ဖြင့် မြန်မာ့တပ်မတော်က ပြုလုပ်ရန် ခဲယဉ်းသွားနိုင်ကြောင်း သံလွင်အရှေ့ခြမ်း တောတောင်ဒေသတွင် နှစ်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့သည့် စစ်ရေးအတွေ့အကြုံရှိသူ ဦးမောင်မောင်စိုးက ပြောသည်။

‘‘တိမ်တွေ၊ မိုးသားတွေ အုပ်သွားရင် လေယာဉ်က ပစ်ဖို့ခက်တယ်။ လက်နက်ကြီးကလည်း တောင်တွေ မြူတွေဆိုင်းနေရင် ပစ်မှတ်ရှာရတာခက်တယ်။ အခု တရုတ်ဘက်ဗုံးကျတော့ လေကြောင်းပစ်ကူကလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ရမယ့် အနေအထားဖြစ်နေပြီဆိုတော့ မြန်မာ့တပ်မတော်ထိုးစစ်က ကိုးကန့်တပ်ဖွဲ့က ဒီဒေသမှာ ခြေကုပ်မြဲသွားနိုင်တဲ့ အလားအလာရှိတယ်’’ဟု ၎င်းက သူ၏အမြင်ကိုပြောသည်။

ထို့အပြင် လောက်ကိုင်-ကုန်းကြမ်းကြား ၁၈ မိုင်လမ်းဆုံတစ်ဝိုက် မော်တော်ကားလမ်း ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်ကြားမှ လုံထန်တောင်ကြောတစ်ဝိုက်ကို ကိုးကန့်တပ်ဖွဲ့က အဆက်အသွယ်ဖြတ်တောက်ရန် တိုက်နေရာ မိုးတွင်းတွင် မြေနီတောင်နှင့် ရွှံ့စေးများ အများအပြားရှိသည့် ကိုးကန့်ဒေသတွင် တိုက်ပွဲများတိုက်ရန် အတော်ခက်ခဲမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများကဆိုသည်။
‘‘လေယာဉ်ဗုံးကြဲတာတော့ နည်းနည်းထိန်းသွားတယ်။ လက်နက်ကြီးတော့ အပစ်မရပ်ပါဘူး။ တစ်ချိန်လုံးပစ်နေတာပဲ။ စစ်အုပ်ချုပ်ရေး ရက်ကိုးဆယ်အတွင်း ပြတ်၊ မပြတ်က တစ်ဖက်က မထောက်ခံရင်ပြတ်တယ်။ ထောက်ပံ့စနစ်ဘယ်ကလာလဲ။ တစ်ရက်၊ တစ်ရက်ပစ်နေတဲ့ ကျည်ဆန်တွေ၊ လက်နက်ကြီးတွေက နည်းတာမဟုတ်ဘူး။ ကြာတယ်။ နှေးတယ်က တစ်ဖက်က ထောက်ခံမှုအပေါ်မူတည်တယ်။ တရုတ်ဘက်က pressure ပေးလို့ တပ်က အခက်အခဲတွေ့ဖို့မဖြစ်နိုင်ဘူး’’ဟု တပ်မတော်သား အရာရှိဟောင်းတစ်ဦးကပြောသည်။

တရုတ်ဘက်က ဗုံးကျပြီး သေသည်ဟု ပြောချိန်တွင် မြန်မာ့တပ်မတော်ဘက်မှ လေယာဉ်ပျံသန်းမှုမှတ်တမ်း(Flight Record) မရှိထားကြောင်း တပ်မတော်နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထို့အပြင် တစ်ဖက်သို့ဗုံးကျခြင်းမှာ ကိုးကန့်တပ်ဖွဲ့မှ အကွက်ဆင်ပုံဖော်ခြင်းမျိုး ဖြစ်နိုင်သည်ကို ထည့်တွက်ရန်လိုကြောင်း ဦးအေးမောင်ကျော်ကပြောသည်။ လက်ရှိတွင် ထိုကိစ္စအပေါ် နှစ်ဖက်အစိုးရတာဝန်ရှိသူများ ကွင်းဆင်း၍ စတင်စုံစမ်းနေပြီဖြစ်သည်။

ကိုးကန့်ပြဿနာကို ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ တွေ့ရမည်လား

ကိုးကန့်ဒေသသည် အလွန်သေးငယ်ပြီး ကျဉ်းမြောင်းသည့်ဒေသဖြစ်သည်။  တစ်ဖက်တရုတ်နိုင်ငံနှင့်လည်း နယ်မြေချင်းခွဲခြားမရနိုင်အောင် နီးစပ်နေသည်။ ထိုနေရာကို လေကြောင်းတိုက်ပွဲဆင်နွှဲပါက တရုတ်နှင့် အချိန်မရွေး တင်းမာမှုဖြစ်နိုင်သည်။ ယခုအခါ တပ်မလေးခုခန့် နေရာယူထားသည့် ကိုးကန့်ဒေသကို နယ်မြေထိန်းသိမ်းရေးလုပ်နိုင်ရန် သေချာနေသော မြန်မာ့တပ်မတော်က လေကြောင်းပစ်ကူမသုံးသည်မှာ ပိုကောင်းမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ပြောကြားသည်။

‘‘ကိုးကန့်မှမဟုတ်ဘူး။ KIA အပါအ၀င် ခုပေါ်တာမကြာသေးတဲ့ ပလောင်(TNLA)လည်း အပြတ်တိုက်လို့မရနိုင်ဘူး။ လူထုက ကိုယ့်ဘက်မရှိဘူး။ သူ့အမျိုးသားနယ်မြေမှာခြေကုပ်ယူပြီး တိုက်နေတာ။  တပ်က အင်အားကြီးတယ်ဆိုပေမယ့် ကချင်၊ ကိုးကန့်၊ ပလောင် စကားမတတ်ဘူး။ ဒေသခံလည်း မဟုတ်တဲ့အခါ အပြီးတိုင်ချေမှုန်းလို့မရနိုင်ဘူး။ နိုင်ငံရေးအရ ဖြေရှင်းရမှာ’’ဟု ဦးသန်းစိုးနိုင်ကပြောသည်။

KIO နှင့် ဦးအောင်မင်းတို့ တွေ့ဆုံမှုတွင် ဦးအောင်မင်းက ကိုးကန့်ပြဿနာမှာ မြန်မာအစိုးရက  ၂၀၁၂ တွင် ဖုန်ကြားရှင်သမက် စိုင်းလင်း၏ မေတ္တာရပ်ခံချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ နိုင်ငံရေးလမ်းကြောင်းသို့ ၀င်ရောက်ရန် အခွင့်အရေးပေးခဲ့သော်လည်း ဖုန်ကြားရှင်ကိုယ်တိုင်က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး NCA တွင် ကိုးကန့်အဖွဲ့ကို ထည့်ရန်မှာမဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

KIO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကိုးကန့်တိုက်ပွဲကို တပ်များက ၀င်ရောက်တိုက်ပေးခြင်းမရှိသော်လည်း ကိုးကန့်အဖွဲ့မှာ NCCT ၏ အဖွဲ့ဝင်အဖြစ်ရှိနေကြောင်း ပြောကြားခဲ့သည်။

‘‘၀န်ကြီးဦးအောင်မင်း ရှင်းထားပါတယ်။ ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးကို ၂၀၁၁ ခုနှစ်အတွင်းမှာ သမ္မတကြီးကိုယ်တိုင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ စားပွဲဝိုင်းလာချင်ရင် အေးအေးဆေးဆေးလာလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ စားပွဲဝိုင်းမဟုတ်ဘဲ သူပြန်လာတာက တိုက်ပွဲနဲ့အတူ ဖြစ်ပါတယ်။ ကိုယ့်အိမ်ကို ပြန်လာတယ်ဆိုတာ ဒီလိုမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ ဆွေးနွေးပွဲဆိုတဲ့ စကားထည့်ပြောစရာမရှိပါဘူး’’ဟု ဦးဇော်ဌေးကပြောသည်။

ထို့ပြင် ကိုးကန့်အရေးကို ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဖြေရှင်းရန် အစိုးရက ကြိုးစားလာပါက တပ်မတော်နှင့် အစိုးရ အကြီးအကျယ် သဘောထားကွဲနိုင်ကြောင်း တပ်မတော်သားအရာရှိဟောင်းတစ်ဦးက သုံးသပ်သည်။

‘‘အဲဒီလိုလုပ်မယ်ဆို နိုင်ငံရေးမှာ တပ်ကိုထိုးကျွေးတာ။ လက်ရှိအစိုးရလက်ထက်မှာတော့ ဒါမဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲပြီးလို့ နောင်အစိုးရတက်လာရင်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့နောက် အစိုးရက ဒီလိုလုပ်မယ်ဆိုရင် တပ်နဲ့ ဆက်ဆံရေးဆိုးရွားသွားမယ့် သဘောရှိတယ်’’ဟု ၎င်းကပြောသည်။

အစိုးရက နိုင်ငံရေးလမ်းကြောင်းဖြင့် ၀င်ရောက်ရန် ပြောသော်လည်း လက်နက်ကိုင်တိုက်နေသည့် မည်သည့်အဖွဲ့မှ လက်နက်စွန့် အလင်းဝင်ရန် မဖြစ်နိုင်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။  

ထို့အပြင် ငြိမ်းချမ်းရေးစကားဝိုင်းကို ကိုးကန့်ပြဿနာက ထိခိုက်နိုင်၊ မထိခိုက်နိုင်မှာ လက်ရှိ ငြိမ်းချမ်းရေးစကားပြောနေသည့် တိုင်းရင်းသားအဖွဲ့များပေါ်တွင်သာ မူတည်ကြောင်း ဦးအေးမောင်ကျော်က ပြောသည်။

‘‘အခုစကားဝိုင်းကို အစိုးရကမခေါ်တဲ့အဖွဲ့က TNLA၊ AAလည်း ရှိနေတယ်။ အခု MNDAA ပေါ့။  တကယ်လို့ ဒီအတိုင်းပြန်ဝင်လာပြီး ၂၀၁၅ အထိစောင့်ပြီး ကိုးကန့်မှာ ရွေးကောက်ခံမယ်ဆိုရင် သူတို့နိုင်မှာ သေချာတယ်။ သူတို့က သြဇာရှိတဲ့လူတွေ။ အဲဒါက လုံးဝသေချာတယ်။ သူတို့က အဲဒီလမ်းကိုမရွေးဘူး။ အိမ်ပြန်လာတယ်ဆိုပြီးတော့ အိမ်ထဲက လူတွေကို အကုန်ထွက်ကြ၊ ငါတို့ပဲနေမယ်ဆိုပြီး အင်အားပြ၀င်လာတော့ သူ့ပြဿနာသူဖန်တီးတာပေါ့။ အဲဒါကိုတော့ လက်ခံနိုင်စရာမရှိဘူး။ ဒီကိစ္စ အစိုးရဘက်ကတော့ ဒီလို အင်အားပြပြီးတော့ ရွေးကောက်ခံနယ်မြေတစ်ခုဝင်လာရင် ဒီလိုပဲတုံ့ပြန်မှာပဲ။ တခြားနည်းလမ်းမရှိဘူး။ အစိုးရဘက်က နောက်ပိုင်းထိန်းလာနိုင်ပြီဆိုရင်တော့ စကားနည်းနည်းပါးပါး ပြောတာတော့ရှိလာနိုင်တယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

တရုတ်ဆန့်ကျင်ရေးကို အားမပေးပါနဲ့

မြန်မာနိုင်ငံတွင် ၁၉၆၇ က ဆန်ရှားပါးမှုကို အာရုံလွှဲလိုခြင်းကြောင့် တရုတ်ဆန့်ကျင်ရေး ဖန်တီးခဲ့သည့် အကျိုးဆက်က သံလွင်မြစ်အရှေ့ခြမ်းတစ်ခုလုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီအမည်ခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တရုတ်သြဇာခံဖြစ်သွားခဲ့သည်။

တရုတ်ဆန့်ကျင်ရေးစိတ်က ယခင်စစ်အစိုးရလက်ထက်ကတည်းက လူထုထံတွင် ခိုင်ခိုင်မာမာအမြစ်တွယ်နေသည်။ မြန်မာပြည်သယံဇာတများ၊ ထွက်ကုန်များကို စစ်အစိုးရအဆက်ဆက်က ရောင်းချခြင်း၊ လက်ရှိမန္တလေးတွင် အချက်အချာကျသည့် နေရာအများစုကို ဗမာစကားမပြောတတ်သည့် တရုတ်အမျိုးသားများက နေရာယူထားခြင်း စသည့် အခြေခံအချက်များက ရှိနှင့်နေသည်။ ထိုအပေါ်တွင် ကိုးကန့်ပြဿနာကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ပုံဖော်ပါက ၁၉၆၈က ကံကြမ္မာမျိုးကို မြန်မာနိုင်ငံ ကြုံတွေ့ဖွယ်ရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုလေသည်။ ‘‘တရုတ်ဆန့်ကျင်ရေးကို တားရမှာ မြန်မာအစိုးရတာဝန်ဖြစ်သွားပြီ။ ၆၈ ခုနှစ်က ဆန်လုပွဲအာရုံလွှဲတော့ သံလွင်အရှေ့ခြမ်းတစ်ခုလုံး တရုတ်အောက်ကို ရောက်ရတယ်။ အခုတစ်ခါ တရုတ်ဆန့်ကျင်ရေး ထပ်လုပ်မယ်ဆိုရင် ကျွန်တော့်အထင်တော့ ဧရာဝတီအထက်ခြမ်းအထိ ပါနိုင်တယ်။ ဒါကြောင့် ကိုးကန့်ပြဿနာကို အစိုးရရော၊ တပ်ရော နိုင်ငံရေးအရ မဟာဗျူဟာကျကျ စဉ်းစားဖြေရှင်းဖို့ အကြံပြုချင်ပါတယ်’’ဟု ၎င်းကပြောသည်။

တရုတ်ဆန့်ကျင်ရေးပုံဖော်မှုကို တိုက်ပွဲကာလအစောပိုင်းက အားပေးထောက်ခံမှုအချို့ ရှိခဲ့သော်လည်း မတ်လ ၁၀ ရက် လက်ပံတန်းအကြမ်းဖက်ဖြိုခွဲမှု နောက်ပိုင်းတွင်တော့ လူထုက အာရုံသိပ်မရတော့ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။

‘‘လက်ပံတန်းကို သိမ်သိမ်မွေ့မွေ့ရှင်းနိုင်ရင် တရုတ်ဆန့်ကျင်ရေးပြဿနာက ဆက်ရှိနိုင်တယ်။ အခုက ဖြစ်နိုင်ခြေနည်းသွားတယ်’’ဟု ၎င်းကပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူမျိုးရေးဆန့်ကျင်မှုလှုပ်ရှားချက်များမှာ ဇာတ်လမ်းဟောင်းကြီးများသာ ဖြစ်နေပြီး တရုတ်နှင့်မြန်မာမှာ နယ်စပ်ချင်းခွဲခြားမရသည့် အနေအထားတွင်ရှိနေကြောင်း ၁၉၆၈ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကြုံခဲ့ရသည့် မြန်မာပြည်ဖွား စာရေးဆရာ ၀င်ဒီလောရုံကပြောသည်။

မြန်မာပြည်တွင်း လူမျိုးရေးပြဿနာအားလုံးတွင် အစိုးရက နောက်ကွယ်ကသာ မပါဝင်ပါက အလိုအလျောက်ထဖြစ်ခြင်းမှာ ရှားကြောင်းနှင့် လူထုစိတ်ထဲက လူမျိုးရေးဆန့်ကျင်မှုများကို မီးမထိုးပေးရန် အစိုးရက တားမြစ်ရမည်ဖြစ်ကြောင်း ဦးအေးမောင်ကျော်ကပြောသည်။

‘‘လူထုစိတ်ထဲမှာတော့ ဒီဟာက နည်းနည်းပါးပါရှိတယ်။ ဒါတွေကို မီးထိုပေးတယ် မပေးဘူးဆိုတာ အာဏာပိုင်တွေက ပိုလုပ်နိုင်တာ။ ဖြစ်လာရင်အစိုးရက တားရမယ်။ ရေရှည်လည်း ဖြစ်လို့မရတော့ ဒါ အာဏာပိုင်တွေရဲ့ ဉာဏ်အမြော်အမြင်နဲ့ဆိုင်ပါတယ်’’ဟု ၎င်းကပြောသည်။

တရုတ်-မြန်မာဆက်ဆံရေးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်တည်းက ဆိုးရွားလာခဲ့ပြီး ယခုဗုံးကျရောက်ခြင်းက ဆက်ဆံရေးကို ပိုဆိုးရွားသွားစေမည်ဟု ယုံကြည်ကြောင်း သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။ ကိုးကန့်ဒေသကို မြန်မာ့တပ်မတော်က ထိန်းချုပ်နိုင်မည်ဟု မထင်ကြောင်းနှင့် ကိုးကန့်ဒေသမှာ အလွန်တောတောင်ထူထပ်ပြီး နယ်မြေအနေအထားအရ အစားအသောက်နှင့် ရေရိက္ခာပြတ်လပ်မှုများ ဖြစ်နိုင်ပြီး မြန်မာ့တပ်မတော်မှာ လောက်ကိုင်နှင့် ချင်းရွှေဟော်တို့တွင်သာ အခြေချနိုင်ကြောင်း ဘာတေးလ်လင့်တနာကပြောသည်။

တစ်ဖက်တွင်လည်း အလွန်ရှင်းလင်းသည့်အချက်မှာ ကိုးကန့်နှင့် ‘၀’တပ်ဖွဲ့တို့၏ လက်နက်အားလုံးမှာ တရုတ်ဘက်မှ လာခြင်းဖြစ်နေကြောင်း ၎င်းက ထောက်ပြသည်။

‘‘တရုတ်လူမျိုးတွေဟာ မြန်မာမှာ ဟိုးအရင် ရာစုနှစ်ပေါင်းများစွာနေလာခဲ့တယ်။ မြန်မာစကားကို ပြောတယ်။ မြန်မာနာမည်တွေလည်းရှိကြတယ်။ ဒါက ပြဿနာတစ်ခုမဖြစ်သင့်ဘူး။  ဒါပေမဲ့  တရုတ်ကနေ နောက်မှဝင်လာတဲ့ တရုတ်လူမျိုးအသစ်တွေဟာ မြန်မာနိုင်ငံသားကတ်ကို ၀ယ်ယူကြတယ်။ ပြီးတော့ မန္တလေးလို မြို့ကြီးတွေကိုပြောင်းတယ်။ အဲဒီမြို့မှာ မြန်မာနိုင်ငံသားတစ်ယောက်လို ပစ္စည်းဥစ္စာတွေကို ၀ယ်တယ်။ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်လာကြတယ်။ သူတို့မှာ အထောက်အထား စာရွက်စာတမ်းတွေလည်း ပြနိုင်ကြတယ်။  ဒီတော့ အဲဒါက ပြဿနာဖြစ်လာပြီ။  ဒါပေမဲ့ ဒါကိုဖြေရှင်းတဲ့အခါမှာလည်း အကြမ်းမဖက်ဘဲ ဖြေရှင်းသင့်တယ်’’ ဟု ဘာတေးလ်လင့်တနာက အကြံပြုသည်။  တရုတ်ဆန့်ကျင်ရေးကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေသူများ ရှိနိုင်သော်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ နားလည်မှုရှိရှိ ညှိနှိုင်းပူးပေါင်းသွားနိုင်ရန် အရေးကြီးကြောင်းနှင့် တရုတ်ဆန့်ကျင်ရေးနှင့်ရော၍ အစိုးရကို အပုပ်ချလိုသည့် အဖွဲ့များကို အမေရိကန်လိုနိုင်ငံနှင့် နှိုင်းယှဉ်၍ ဦးဇော်ဌေးက ယခုကဲ့သို့ သုံးသပ်ပြောကြားသည်။

‘‘ကမ္ဘာမှာ အမေရိကန်လို နိုင်ငံကြီးတွေတောင် တရုတ်နဲ့ သဘောထားကွဲလွဲနေပေမယ့် စီးပွားရေးအရ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အလိုက်အထိုက်နေကြရပါတယ်။ တရုတ်နဲ့ ကင်းကွာတဲ့ စီးပွားရေး ဒီနေ့ခေတ်မှာ မရှိနိုင်တော့ပါဘူး။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေ ဖြစ်နေတဲ့အတွက် ဒီအခွင့်အရေးတွေကို ကိုယ့်နိုင်ငံအကျိုး၊ ကိုယ့်ပြည်သူတွေ အကျိုးအတွက် အကျိုးရှိရှိ အသုံးချနိုင်ဖို့လိုပါတယ်။

‘‘အိမ်နီးချင်းကို မကြိုက်ဘူးဆိုပြီး လဲလို့မရပါဘူး။ စိတ်ကြိုက်ရွေးချယ်လို့မရပါဘူး။ ပညာရှင်အတော်များများ ဒါကို သိပါတယ်။ နိုင်ငံရေးအရ အမြတ်ထုတ်နေတာတွေ ရှိနိုင်ပေမယ့်လည်း အရှည်ကြည့်ဖို့ လိုပါတယ်လို့ပဲ ပြောချင်ပါတယ်’’ဟု ၄င်းကပြောသည်။
7 day

1 comment:

  1. တရုတ်နဲ့ ပြသနာတက်လို့ ကတော့ မြန်မာမျိုးချစ်တွေအရံတပ်ဖွဲ့ အနေနဲ့ ဝင်တိုက်ကြပါ။မြန်မာ့ သယံဇာတကို အစိုးရနဲ့ တမျိုးပေါင်းယူ သူပုန်နဲ့ တမျိုးပေါင်းယူတဲ့ ခွေးတ၇ုတ်တွေ။

    ReplyDelete