Saturday 14 February 2015

ကတိသစ္စာမဲ့ခြင်းကြောင့် လောက်ကိုင်တိုက်ပွဲဖြစ်ပွားရဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော



ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရတပ်သည် မည်သည့်လက်နက် ကိုင်ဌာနချုပ်ကိုမျှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လောက်ကိုင် ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ကတိသစ္စာမဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၃)ဖွဲ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ပြောလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည် ညွှန်းပြီး ''ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပြီးတော့ စစ်မြေပြင်မှာ ဒီလိုဆောင်ရွက်တာတော့ မသင့် တော် ဘူးပေါ့။ သစ္စာမဲ့ရာ ကျတယ်လို့ပြောပါတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးခွန် ဥက္ကာက မဇ္ဈိမကို ပြောသည်။
အထက်ပါပြောဆိုချက်သည်မည်သည့် အဖွဲ့ဟု ကာကွယ်ရေးဦးစီးချုပ်က အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိသော်လည်း သက်သေများရရှိထားပြီး မကြာခင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ကာချုပ်ကပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
''သူတို့ မြန်မြန်လုပ်မယ်ထင်မယ်။ တော်တော်ပူပူလောင်လောင်ဖြစ်နေတာ။ တပ်ဖက်က တော်တော်လေး အထိနာနေတာ။ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေသိပ်များနေတယ်။ ဟိုဘက်က လက်နက်လည်း တော်တော်ကောင်းတယ်ပြောတယ်။ တပ်မတော်ဘက်က အထိနာတဲ့သဘောရှိတယ်။ ဒါကြောင့် တပ်မတော် အကြီးအကဲအနေနဲ့လည်း သူမခံမရပ်နိုင်ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ'' ဟု ၎င်းက ပြောသည်။
ယခုလ ၉ ရက်ကစပြီး ဖုန်ကြားရှင်ဦးဆောင်သည့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)စသည့် တပ်ပေါင်းစုအဖွဲ့များနှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ဦးရေးဦးစီးချုပ် နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သူ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကလည်း''အခုတိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပါဝင်ပတ်သက် နေတဲ့အကြောင်း တပ်မတော်အနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ပေါ့လေ။ အဲ့ဒီကိစ္စမှာပြန်ပြီးတော့ တာဝန်ယူရမှာဖြစ်ကြောင်း သူက အဲ့လိုပောပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပါ ပြောဆိုချက်အပေါ် တိုက်ပွဲဖြစ်ရာ ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသနှင့် နယ်မြေထိစပ်နေသည့် 'ဝ' သွေးစည်းညီ ညွှတ်ရေးတပ်မတော်နှင့် မိုင်းလားအဖွဲ့မှ ခေါင်းဆောင်များက ၄င်းတို့အဖွဲ့များ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
''ငြိမ်းချမ်းရေးကို အမှန်တကယ်တည် ဆောက်ချင်ရင် လက်နက်ကိုင်တိုက်တာကို ရပ်တန်းကရပ်ဖို့လည်း သူ(တပ်မတော် ကာကွယ်ရေးဦးစီချုပ်)ပြောသွားတယ်''ဟု ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။
ယခုတိုက်ပွဲတွင်ပါဝင်နေသည့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးဖက် ဒရယ်ကောင်စီ (UNFC)၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
''သူ့ရဲ့လုပ်ရပ်တွေကိုတော့ ကျွန်တော်တို့ ကြည့်ရမှာပေါ့။ လိုအပ်ရင် အကြံဥာဏ် ပေးရမယ်။ လိုအပ် လို့ရှိရင် ပူးပေါင်းဆောင်ရွက်ရမယ်။ အကြံဥာဏ်ပေးရမယ်။ ပြုပြင်ရမယ်ပေါ့ဗျာ။ လိုအပ်ရင် လိုအပ်သလို လုပ်ရမှာပေါ့။ အဖွဲ့ဝင်ဖြစ်နေတာကိုး''ဟု UNFC ၏ အတွင်းရေးမှူး(၂)ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည့် ဖုန်ကြားရှင်ဦးဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် (MNDAA)သည် ၁၉၈၉ ခုနှစ်က မြန်မာအစိုးရစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရစစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်နေမှုကို ဝင်ရောက်ရှာဖွေခဲ့ရာမှ တိုက်ခိုက်ခဲ့သဖြင့် ဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကိုးကန့်ဒေသ ကို မြန်မာအစိုးရက ငါးနှစ်ကျော် သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။
၂ဝဝ၉ ခုနှစ် သြဂုတ်လ ၈ ရက်တွင် မြန်မာအစိုးရက လက်နက်အင်အားဖြင့် MNDAA ၏ ဖွဲ့စည်းပုံကို ပြု ပြင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ (၁)ကို သိမ်းပိုက်ခဲ့သည်။ MNDAA သည် ကိုးကန့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် လက် နက်ကိုင် တိုက်ခိုက်သောစနစ်ဖြင့် တောင်းဆိုသွားမည်ဟု ဖေဖော်ဝါရီလ ၉ ရက်က ကြေညာချက်ထုတ် ပြန်ထားသေးသည်။
Mizzma

No comments:

Post a Comment