Monday 29 December 2014

ထင်ရှားကျော်ကြား ၂၀၁၄

ရှေ့ပြေး သန်းခေါင်စာရင်း ရလဒ်နှင့် လူဦးရေ ကိုးသန်းကျော် ကွာဟမှု
မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြုလုပ်ခဲ့သည်။ အဆိုပါ ပြည်လုံးကျွတ် သန်းခေါင်စာရင်း၏ ရှေ့ပြေးရလဒ်သည် ယခင် နိုင်ငံတော်က ထုတ်ပြန်ထားသည် စာရင်းများနှင့် နိုင်ငံရေးလုပ်ဆောင်ချက် အချို့တွင် အစိုးရမှ အသုံးပြုခဲ့သည့် လူဦးရေစာရင်းနှင့် များစွာကွဲလွဲ နေခဲ့သည့်အတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သောကြောင့် Weekly Eleven News ဂျာနယ်က ၂၀၁၄ ခုနှစ်၏ ထင်ရှားကျော်ကြား ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြလိုက်ပါသည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ ဒသမ ၃ သန်းကျော် ရှိသည်။ ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့် ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများကောက်ခဲ့ကာ မွေးနှုန်း-သေနှုန်း အခြေခံ၊ လူဦးရေ၊ ပညာ၊ အရည်အချင်းဖြင့် တွက်ချက်မှုများအရ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ သန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၂၀၁၄ မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ပြုလုပ်ခဲ့ပြီး သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည့် ရှေ့ပြေးသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ ဒသမ ၄ သန်းသာ နေထိုင်လျက်ရှိသဖြင့် မူလခန့်မှန်းချက်ဖြစ်သည့် လူဦးရေသန်း ၆၀ စာရင်းနှင့် နှိုင်းယှဉ်ပါက လူဦးရေ ကိုးသန်းခန့် လျော့နည်းနေသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၅၈ သန်းနီးပါး ရှိကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိသည်ဟု နိုင်ငံတော်က ထုတ်ပြန်ထားသည်။
၂၀၁၅ မေတွင် သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မည်ဖြစ်ရာ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်သည် မဲပေးပိုင်ခွင့်ရှိသူဦးရေ အရေအတွက်နှင့် သက်ဆိုင်နေကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြန်ရန် နှောင့်နှေးနေမည် ဆိုပါက ရွေးကောက်ပွဲကို မသမာမှုပြုလုပ်ရန် ပြင်ဆင်သည်ဟု ယူဆစရာ ရှိနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ဝေဖန်ထောက်ပြမှုများရှိရာ တိုင်းပြည်၏ လူဦးရေစာရင်း အတိအကျကို အစိုးရက ထုတ်ပြန်သွားနိုင်မည်လား ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်ပင် ဖြစ်ပေသည်။

Eleven Media Group

No comments:

Post a Comment