Saturday 6 September 2014

ရန်ကုန်တွင် အကြမ်းဖက်မှု ဖြစ်ပါက အချိန်မီထိန်းနိုင်ရန် ရဲအင်အား အသင့်ပြင်ထားဟုဆို

မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး နေထိုင်သော ရန်ကုန်မြို့တော်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက အချိန်မီ ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့က အယ်လ်ကေဒါ အကြမ်းဖက် စစ်သွေးကြွ လှုပ်ရှားသူများ၏ အွန်လိုင်းဖိုရမ်၌ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ The Voice က ဆက်သွယ်မေးမြန်းမှုအပေါ် ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် အချိန်မီထိန်းနိုင်ဖို့ ရဲအင်အားကို အသင့်ပြင်ထားပါတယ်။ ပြည်သူတွေ စိုးရိမ်နေသလို ထွက်ပေါ်နေတဲ့ သတင်းရင်းမြစ်က ဘယ်လောက် သေချာလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်။ ဒီသတင်းက မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဆွပေးသလို ဖြစ်နိုင်တာကြောင့်ပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ထွက်ပေါ်နေသည့် ထုတ်ပြန်ကြေညာချက်မှ အသံဖိုင်နှင့် သတင်းဝက်ဘ်ဆိုက်တို့ကို မှန်ကန်မှု ရှိမရှိ နိုင်ငံ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စုံစမ်းစိစစ်သင့်ပြီး သတင်းအမှန်ကို အချိန်မီ ပြည်သူလူထု သိရှိစေရန် ထုတ်ပြန်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက သုံးသပ် ပြောကြားသည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ် ၁၄ ခုတွင် လုံခြုံရေးအတွက် ညဦးပိုင်းနှင့် ညနက်ပိုင်း လှည့်ကင်းများ၊ ရပ်ကင်းများဖြင့် ယာဉ်များကို ပိတ်ဆို့စစ်ဆေးခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ တံတားများတွင် လုံခြုံရေးအဖွဲ့များ ထားရှိစစ်ဆေးခြင်း၊ လုံခြုံရေးနှင့်ဆိုင်သော အခြား ဆောင်ရွက်ချက်များကို ဆောင်ရွက်နေကြောင်း၊ ယင်းသို့ ဆောင်ရွက်ရန် အတွက် အရာရှိအဆင့် ပါဝင်သော ရဲတပ်ဖွဲ့ဝင် ၈၉ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၅၅၃ ဦးဖြင့် နေ့စဉ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောဆိုသည်။
“အကြမ်းဖက် လှုပ်ရှားမှုတွေ မြန်မာနိုင်ငံမှာ လုပ်မယ်လို့ သတင်းထွက်ကတည်းက မော်တော်ယာဉ် ပိတ်ဆို့ စစ်ဆေးမှုတွေကို ည ၁၀ နာရီကနေ မနက် ၃ နာရီအထိ ခရိုင်ထဲမှာ အချိန်တိုးပြီး ဆောင်ရွက်နေသလို ဧည့်စစ်ဆေးမှုတွေမှာလည်း အရင်က တစ်ခရိုင်လုံးမှ သုံးဖွဲ့ပဲ ရှိရာကနေ အခုတစ်မြို့နယ် နှစ်ဖွဲ့နှုန်းနဲ့ ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံအတွင်း လူစုလူဝေးဖြင့် ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက နိုင်ငံတကာအဆင့်မီ ထိန်းသိမ်းဖြေရှင်းနိုင်မည့် ရဲတပ်ဖွဲ့ဝင်များကို အီးယူအဖွဲ့နှင့် ပူးပေါင်းကာ သင်တန်းများ ပို့ချထားကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှ တပ်ခွဲတစ်ခုလျှင် အင်အား ၅၀၀ ရှိသော တပ်ခွဲစု ၇ စု၊ ရဲအင်အား ၃၅၀၀ ခန့် ရှိကြောင်း ရဲမှူးကြီးသက်လွင်က ရှင်းပြသည်။
“အကြမ်းဖက်နိုင်တဲ့သူတွေ တစ်နေ့ မြန်မာနိုင်ငံဘက် မြားဦးလှည့်လာနိုင်တဲ့ စိုးရိမ်စိတ်ကြောင့် နိုင်ငံလုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာကို အကူအညီ တောင်းထားတာတွေ ရှိပါတယ်၊ သူတို့ဘက်က ကြိမ်းဝါးသလို လွယ်လွယ်နဲ့ လုပ်ဆောင်ခွင့် မရအောင် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားတာတွေက လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းကပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လတ်တလောတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်း မသင်္ကာဖွယ်ရာ သံသယ ရှိသူများကို မတွေ့ရှိရသော်လည်း၊ ကြားသိထားမှုများကို စုံစမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
အလားတူ ရခိုင်ပြည်နယ်တွင် လုံခြုံရေး လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းသို့ ဆက်သွယ်မေးမြန်းရာ မောင်တောခရိုင် လုံခြုံရေးကို ပုံမှန်အတိုင်းသာ ဆောင်ရွက်နေပြီး လုံခြုံရေး အစီအမံများကို ထူးထူးခြားခြား လုပ်ဆောင်ထားခြင်း မရှိကြောင်း ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment