Tuesday 6 May 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်ခဲပေါက် ခံရမှုတစ်ကြိမ် လမ်းလယ်ကျွန်းတွင် ကွန်ကရစ်တုံး အပိုင်းအစများ ချထားမှုနှစ်ကြိမ်ဖြစ်ပွား အမြန်လမ်းရဲတပ်ဖွဲ့က ဒေသခံပြည်သူများနှင့် ပူးပေါင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့

ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်နေ့အထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ယာဉ် ခဲပေါက် ခံရမှုတစ်ကြိမ်၊ လမ်းလယ်ကျွန်းတွင် ကွန်ကရစ်တုံးအပိုင်းအစများ ချထားမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ အမြန်လမ်းရဲတပ်ဖွဲ့က ဒေသခံပြည်သူများနှင့် ပူးပေါင်းဖော်ထုတ် ခဲ့ရာ ပြစ်မှု သုံးခုစလုံးမှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူနိုင် ရန် ဆောင်ရွက် လျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မတ်လ ၁ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဗောဓိကုန်းအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၁၂၈/၄) နှင့် (၁၂၈/၅) အကြား၌ နေပြည်တော် ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် ၉ဃ/၆၈၅၇ ထက်အောင်လင်း ခရီးသည်တင် မှန်လုံအမြန်ယာဉ်နှင့် ယာဉ်အမှတ် 2E/5901 ထက်အောင်လင်း ခရီးသည်တင်ဘုရားဖူး မှန်လုံယာဉ်နှစ်စီး ကို လေးခွဖြင့်ပစ်ခတ်ခံရသဖြင့် ၉ဃ/၆၈၅၇ မှန်လုံယာဉ်ရှေ့လေကာ မှန်ကွဲ၍ ယာဉ်မောင်း ကိုအေးမင်းဦး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ရာ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ (ပ)၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉-က/၄၄၀/၃၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ပြစ်မှု ကျူးလွန်သူများကို ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်ကျေးရွာ များရှိ ပြည်သူလူထု၏ အကူအညီဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ကျော်ကို(ခ) စိုင်ကြီးအား အခင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် လည်းကောင်း၊ ပြစ်မှုကျူးလွန်သူ သိန်းဇော်ဦးအား မတ်လ ၂ ရက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် အုတ်တွင်းမြို့ တရားရုံးသို့ တရားစွဲ တင်ပို့ကာ ထိရောက် ဟန့်တားသော ပြစ်ဒဏ် ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အမြန်လမ်းရဲတပ်ဖွဲ့ သာဂရအမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၃/၆နှင့် ၁၈၃/၇ အကြား၌ ယာဉ်များအန္တရာယ် ဖြစ်စေ ရန် လမ်းလယ်ကျွန်း၏ ကွန်ကရစ်တုံး အကာအရံများ အား ဖြုတ်ယူချထားခဲ့သူ အောင်ဇော်မြင့် (ခ) ဖိုးခွားဆိုသူအား သာဂရအမြန်လမ်းရဲတပ်ဖွဲ့နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူလူထု၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုများဖြင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး သာဂရအမြန်လမ်း ရဲစခန်းမှ (ပ)၃/ ၂၀၁၄၊ ပပက၆(၁)နှင့် လမ်းမကြီးများ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်ကာ ရေတာရှည်မြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားရုံးမှ တရားခံအား ထောင်ဒဏ်သုံးနှစ်နှင့် သုံးလချမှတ်ခဲ့သည်။

ထို့အပြင် ဧပြီ ၁၉ ရက်နံနက် ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၈/၄ နှင့် ၁၀၈ /၅ အကြား လမ်းလယ်ကျွန်းတုံးများအား ရိုက်ခွဲ၍ အမြန်လမ်းမပေါ် ချထားခဲ့သူ ထွန်းဝင်းနှင့် သန်းဇော်ထွန်းတို့အား ဖြူးအမြန်လမ်းရဲစခန်းမှ (ပ) ၅/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၀ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး တရားခံများအား စုံစမ်းဖမ်းဆီးခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ ထွန်းဝင်းအား အခင်းဖြစ်နေ့တွင် လည်းကောင်း၊ ပြစ်မှုကျူးလွန်သူ သန်းဇော်ထွန်းအား မေ ၂ ရက်တွင်လည်းကောင်း အမြန်လမ်း ရဲတပ်ဖွဲ့ နှင့် ကျေးရွာပြည်သူလူထု ပူးပေါင်း၍ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖြူးမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက် လျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

MOI Webpotal Myanmar

No comments:

Post a Comment