Tuesday 15 April 2014

ထာဝရငြိမ်းချမ်းရေးအတွက် သဘောထားကွဲနေသော KIO/KIA


ဧပြီလ ၁၅ ရက် ၂၀၁၄ ခုနှစ်

အစိုးရ၏ ပစ်ခတ်ရပ်စဲရေး ကြိုးပမ်းဆောင်ရွက်မှုများမှာ အားရစရာဟု ဆိုရပေမည်။ MPC တွင် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ဧပြီလ ပထမပတ်အတွင်း တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှု အတိုင်းအတာကိုကြည့်ပြီး ပြည်သူများ အားမလို အားမရ ဖြစ်မိသည်။ အစိုးရ၏ ထာဝရငြိမ်းချမ်းရေး ရရှိရေး ကြိုးပမ်းချက်ကို KIO/KIA အဖွဲ့က လက်မခံနိုင်သည်ကိုလည်း အံ့သြမိသည်။

အစိုးရက တစ်ပြည်လုံးအတိုင်းအတာဖြင့် ပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီး ထာဝရငြိမ်းချမ်းရေး ရရှိရန် ရည်မှန်းချက် လမ်းပြမြေပုံအတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်လိုသည်။ ငြိမ်းချမ်းရေးကို အစိုးရက လိုလားသကဲ့သို့ ပြည်သူတွေကလည်း လိုလားသည်။ ခေတ်အဆက်ဆက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်သည်။ နောက်ဆုံးတော့ ပြည်သူတွေသာ ဒုက္ခရောက်ပြီး ဆင်းရဲတွင်း နက်လာသည်။ တိုင်းပြည်လည်း တိုးတက်မှုမရှိခြင်းကြောင့် အာဆီယံနိုင်ငံများတွင် မျက်နှာမလှဖြစ်ခဲ့ရသည်။

မိမိနိုင်ငံထက် နောက်မှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေက မိမိနိုင်ငံကို ကျော်တက်သွားခဲ့သည်။ မိမိနိုင်ငံထက် ပိုမိုတိုးတက် သွားသည်။ ပြည်သူများ အမှန်တစ်ကယ်လိုလားသည်မှာ နိုင်ငံအေးချမ်းတည်ငြိမ်ရေးပင် ဖြစ်ပေသည်။
ပြည်သူလိုလားသော ထာဝရငြိမ်းချမ်းရေးကို KIO/KIA အဖွဲ့မှ မလိုလားဘဲ အစိုးရနှင့် KIO/KIA အဖွဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ငြင်းပယ်နေခြင်းမှာ စဉ်းစားစရာဖြစ်သည်။ KIO/KIA အဖွဲ့က အစိုးရထက် စစ်အင်အား တောင့်တင်းနေလို့လား။ ဒါမှမဟုတ် အစိုးရ၏ ငြိမ်းချမ်းရေးရယူလိုမှုကို KIO/KIA အဖွဲ့က အမြတ်ထုတ်ချင်လို့လား.... အခွင့်အရေးယူချင်လို့လား ...စသည်ဖြင့် ပြည်သူများ ဒေါသထွက်နေတော့သည်။ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူလူထုမှာ KIO/KIA အဖွဲ့ပေါ် ပို၍ဒေါသထွက် နေတော့သည်။ KIO/KIA အဖွဲ့က သူတို့ကိုယ်သူတို့ ကချင်ပြည်နယ်ကို ကိုယ်စားပြုမည်ဟု ဟစ်ကြွေးပြီး ၀မ်ပေါင် သမ္မတနိုင်ငံအဖြစ် ထူထောင်လိုသည်။ အမှန်တော့ ကချင်ပြည်နယ်မှာ ကချင်လူမျိုးများ အများဆုံးနေထိုင်သည်မဟုတ် ရှမ်းလူမျိုးနှင့် ဗမာလူမျိုးအများစု နေထိုင်သည်ကို တွေ့မြင်နိုင်သည်။

KIO/KIA အဖွဲ့ ငြိမ်းချမ်းရယူလိုမှုမရှိခြင်းမှာ ခေါင်းဆောင်ပိုင်းအနေဖြင့် တရားမ၀င်စီးပွားရေး လုပ်ငန်းများ၊ နယ်စပ်တစ်လျှောက်တွင် လုပ်ကိုင်ခွင့်ရရှိခြင်းကြောင့် ကြီးပွားချမ်းသာနေခြင်းဖြစ်သည်။ ထို့အပြင် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံခြင်း၊ သယံဇာတများ ခိုးထုတ်ခြင်းဖြင့် တဖြည်းဖြည်း ကြီးပွားချမ်းသာနေခြင်းကြောင့် တရားဥပဒေဘောင်အတွင်းသို့ မ၀င်ရောက်လိုခြင်းပင် ဖြစ်သည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ရယူချိန်တွင် အဆိုပါတရားမ၀င်လုပ်ငန်းများကို စွန့်လွှတ်ရမည်ဖြစ်သလို ခေါင်းဆောင်ပိုင်း အနေဖြင့် လက်နက်နှင့် အာဏာကိုပါ စွန့်လွှတ်ရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ပြည်သူ၏မျက်နှာကို မထောက်ဘဲ ၎င်းတို့ ကိုယ်ကျိုးအတွက်သာ ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်သူလူထုမှ လက်ခံယုံကြည်လာအောင် စည်းရုံးသည့်အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပါက ၎င်းတို့၏ တရားမ၀င်လုပ်ငန်းများ၊ သယံဇာတခိုးထုတ်မှုများ ရပ်ဆိုင်းရမည် ဖြစ်သဖြင့် အစိုးရ၏ ရပ်တည်ချက်သဘောထားများကို အပြစ်တင်၍ ပြည်သူလူထုနှင့်အစိုးရကို လှည့်စာနေခြင်းသာ ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

တစ်ဖက်တွင်လည်း KIO/KIA အာဏာပြိုင်ဆိုင်မှုများ အရှိန်မြင့်တက်လာပြီး ခေတ်ပညာတတ်လူငယ်များ၏ ငြိမ်းချမ်းရေး တည်ဆောက်လိုမှုအပေါ် KIO/KIA ဗဟိုအဖွဲ့မှ ထိန်းချုပ်ရန် ခက်ခဲလာသည်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းတွင် အာဏာရရှိရေး အားပြိုင်မှုများ မြင့်မားလာသည်။ KIA အဖွဲ့တွင် အာဏာရှိမှသာ လုပ်ပိုင်ခွင့် ရှိမည်ဖြစ်သည်။ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးရန် KIO ဗဟိုကော်မတီဝင်များ သဘောထား ကွဲလွဲရုံသာမက စစ်ဦးချုပ် ဂမ်ရှောင်နှင့် ဒုစစ်ဦးစီးချုပ် ဂွမ်မော်တို့မှာလည်း သဘောထားကွဲလွဲလာသည်။ အထူးသဖြင့် အစိုးရနှင့်တွေ့ဆုံ ဆွေးနွေး နေသည့် ဂွမ်မော်၏ လုပ်ဆောင်ချက်အပေါ် KIO ဗဟိုဌာနချုပ်မှ အပြစ်တင်လာသည်။

ဂွမ်မော်သည် KIO အဖွဲ့၏ သဘောထားကို ကြိုတင်ရယူခြင်းမရှိဘဲ အစိုးရနှင့် ပြောဆိုမှုများအပေါ် အမြင်မကြည်လင်ခြင်းကြောင့် ဂွမ်မော်အား လက်ရှိရာထူးမှ ဖယ်ရှားလိုသည့်အဖွဲ့များရှိလာသည်။ ဂမ်ရှောင်မှာ KIO အဖွဲ့တွင် အများရွေးချယ်မှုဖြင့် စစ်ဦးစီးချုပ်ရာထူး ရရှိခဲ့ခြင်းဖြစ်ပြီး ဂွမ်မော်မှာ ၎င်း၏ဆရာဖြစ်သူ ဒုဥက္ကဌ အင်ဘန်လ၏ တိုက်ရိုက်ခန့်အပ်မှုကြောင့် ရရှိလာခြင်းဖြစ်သည်။ အင်ဘန်လမှ ဂွမ်မော်အား ၎င်းနေရာတွင် အစားထိုးခန့်အပ်မည်ကို ဂမ်ရှောင်အနေဖြင့် စိုးရိမ်လျက်ရှိခြင်းကြောင့် လုပ်သက်ရင့် ဗဟိုကော်မတီဝင်များ၊ စစ်ဘက်ဆိုင်ရာ ၀ါရင့်ပုဂ္ဂိုလ်များကို ပိုမိုစည်းရုံးလာခဲ့သည်။ ဂမ်ရှောင်၏ အားသာချက်မှာ တစ်ဖက်တရုတ်နိုင်ငံအတွင်းရှိ ကချင်လူမျိုး တိုင်းရင်းသား မျိုးနွယ်စုဝင် ခေါင်းဆောင်များ၏ ထောက်ခံအားပေးမှုကို ရရှိနေခြင်းဖြစ်သည်။

ဂွမ်မော်သည် ငြိမ်းချမ်ရေးဆွေးနွေးမှုများတွင် အင်ဘန်လဦးဆောင်သည့် ဗဟိုဌာနချုပ်နှင့် တိုက်ရိုက် ဆက်သွယ်၍ ဆောင်ရွက်လျက်ရှိပြီး အချို့ကိစ္စများမှာ ဂမ်ရှောင်မှ မသိရှိခြင်းကြောင့် ဂမ်ရှောင်နှင့် ဂမ်မော်ကြား ဆက်ဆံရေးမှာလည်း တဖြည်းဖြည်းတင်းမာလျက်ရှိသည်။ KIO အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခြင်းမှာ ယခုမဟုတ်ပေ။

ယခင်ကာလများတွင်လည်း အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အင်ဘန်လ ကိုယ်တိုင်ပင် ယခင်က KIO အဖွဲ့၏ အာဏာကို လုယူခဲ့ခြင်းကြောင့် ယခုအချိန်တွင် အာဏာလုမှုများ၊ သဘောထားကွဲမှုများ ပြင်းထန်လာသည်ကို အင်ဘန်လအနေဖြင့် စိုးရိမ်လျက်ရှိသည်။ ဂမ်ရှောင်နှင့် ဂွမ်မော်တို့မှာလည်း လက်ရှိရာထူးနေရာများ ပျောက်သွားမည်ကို စိုးရိမ်ခြင်းကြောင့် အားပြိုင်မှုများ ဖြစ်ပေါ်နေခြင်းသည် KIO အဖွဲ့၏ သဘောထားကွဲလွဲနေမှုကို ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။

ဂမ်ရှောင်နှင့် ဂွမ်မော်တို့သည် ၎င်းတို့အား ဗဟိုဌာနချုပ်တွင် ရာထူးတိုးမြင့်ခံရပြီး လုပ်ပိုင်ခွင့်များ ထိန်းချုပ်ခံရမည်ကို စိုးရိမ်လျက်ရှိသော်လည်း ဆွမ်လွတ်ဂမ်နှင့် အခြားဗဟိုကော်မတီဝင်များ၊ လုပ်သက်ရင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း အနေဖြင့် KIO အဖွဲ့အစည်းအတွင်း အားပြိုင်မှုများအပေါ် ထိန်းသိမ်းဆောင်ရွက်ရန် လိုလားလျက် ရှိခြင်းကြောင့် KIO စစ်ဘက်ရာထူးများ ရွှေ့ပြောင်းခန့်အပ်မှုနှင့်ပတ်သက်၍ အပြင်းအထန်ကန့်ကွက်လျက်ရှိကြောင်း သိရှိနိုင်ပေသည်။

အစိုးရနှင့် KIO အဖွဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ခြင်းမှာ KIO အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့်သာဖြစ်ပေသည်။ လက်ရှိအနေအထားအရ KIO အဖွဲ့မှာ အစိုးရနှင့် သဘောတူညီမှု ရရှိရေးထက် အဖွဲ့အစည်းအတွင်း အာဏာလွန်ဆွဲမှုများ၊ အားပြိုင်မှုများ၊ အုပ်စုဖွဲ့မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ယခင်ကကဲ့သို့ အာဏာလုမှုများဖြစ်ပေါ်မည်ကို စိုးရိမ်လျက်ရှိကြသည်။

ထာဝရငြိမ်းချမ်းရေး ရရှိရေး အစိုးရနှင့် လက်တွဲဆောင်ရွက်မှုမရှိခြင်းအပေါ် ပြည်သူလူထု၏ ပြစ်တင်ဝေဖန်မှုကို ခံနေရချိန် တွင် KIO အဖွဲ့အစည်းအတွင်း ညီညွတ်မှုမရှိခြင်းမှာလည်း KIO အဖွဲ့ ဆက်လက်ရပ်တည်ရန် စိန်ခေါ်မှုများ ကြုံတွေ့နေ ရခြင်း ဖြစ်ကြောင်း တွေ့ရှိနိုင်ပေသည်။

ကျွန်တော်တို့အနေဖြင့် KIO အဖွဲ့ အစိုးရနှင့် မည်ကဲ့သို့ ဆက်လက်လက်တွဲနိုင်မည်ကို စောင့်ကြည့်ရန်သာ ရှိတော့ ပေမည်။

ေေေ မောင်ငြိမ်းကျော်
https://www.facebook.com/pages/Kachin-Daily-News/367239923348076

No comments:

Post a Comment