Friday 18 April 2014

ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး အတွင်း သင်္ကြန်ကာလ ရေပက်ကစားစဉ် လူမှုရေး ပြဿနာကြောင့် အမျိုး သမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အမှုတစ်မှုမှာ သင်္ကြန်အကျ နေ့ ဧပြီ ၁၄ ရက် ညနေတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမျိုးသားတစ်ဦးက တစ်လမ်းတည်းနေ မိန်းကလေးတစ်ဦးကို ရေပက်စဉ် ပါးပြင်အားနမ်းသကဲ့သို့ ဖြစ်ခဲ့သည်။ ထိုသို့နမ်းမိခဲ့၍ နှစ်ဖက်မိသားစု စကားများရန်ဖြစ်ကာ နမ်းခဲ့သူ၏ မိခင်ကို အနမ်းခံရသူ၏ အစ်မက
 ခဲတံချွန်ဓားဖြင့် လှီးလိုက်၍  သေဆုံးသွားကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
ဓားဖြင့် လှီးခံရသူသည် ဆိပ်ကြီးခနောင်တို မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယင်းည၌ သေ ဆုံးခဲ့သည်။ ထို့ကြောင့်ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းတွင် မူလဖွင့်ထားသည့် ပြစ်မှု ဆိုင်ရာပုဒ်မ -၃၂၆ အပြင်းအထန်နာကျင်စေမှုမှ လူသတ်မှုပုဒ်မ-၃၀၂ သို့ ပြောင်းလဲကာ ပြစ်မှု ကျူးလွန် သူအား  ဖမ်းဆီးစစ်နေ ကြောင်း ရဲစခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူကလည်း ၎င်း၏ညီမဖြစ်သူကို ရေပက်ကစားနေစဉ် နောက်မှ ဖက်ပြီးပါးနမ်းခဲ့ခြင်း နှင့် သေဆုံးခဲ့သူဘက်ကလည်း ဆဲဆိုခဲ့၍ အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ထို့ကြောင့် ဆိပ်ကြီးခနောင်တိုမြို့ မရဲစခန်းက ပြစ်မှုဆိုင်ရာပုဒ်မ-၃၅၄/၂၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ရေကစားစဉ် ပါးနမ်းသူနှင့် သေဆုံးခဲ့သော မိခင်တို့ကို အရေးယူဆောင်ရွက်ထားသည်။

အခြားအမှုတစ်မှုမှာ သင်္ကြန်ကာလအတွင်း ရေကစားနေစဉ် ခင်ပွန်းဖြစ်သူက  အခြားမိန်း ကလေး တစ်ဦးအား ရေလောင်းခဲ့သောကြောင့် ဇနီးသည်က စိတ် ဆိုးပြီး ပိုးသတ်ဆေးသောက် ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၅ ရက်  သင်္ကြန်အကြတ်နေ့ နံနက်က လှိုင်သာယာမြို့နယ်၊  အတွင်းပဒံကျေးရွာ ကျန်းလေးဘုန်းကြီးကျောင်းလမ်းတွင် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်အတူ သင်္ကြန်ရေကစားနေစဉ် ခင်ပွန်းသည်က အခြားမိန်းကလေးတစ်ဦးကို ရေလောင်း၍ စိတ်ဆိုးသွားသည်။

ထို့နောက် အိမ်သို့ပြန်ကာခင်ပွန်းဖြစ်သူ  ငှက်ဖမ်းရာတွင် အသုံးပြုသော ပိုတက်ဆေးမှုန့်ကို သောက် ခဲ့သည်။ ယင်းသို့အဆိပ်သောက်ပြီး နာရီ ၀က်ခန့်ကြာသောအခါ ခင်ပွန်းဖြစ်သူသည် အိမ်သို့ပြန်ရောက်စဉ် ၎င်း၏ဇနီး  အန်နေ၍  လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဆေးရုံရောက်ပြီးနောက် ဇနီးသည်သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ အထက်ပါ သေဆုံးမှုနှင့် ပတ်သက်၍ သောင်ကြီးနယ်မြေ ရဲစခန်းမှ  သေမှုသေခင်း အမှတ်စဉ်  ၁၃/၁၄ ဖြင့် အမှုဖွင့်ကာ  အဖြစ်မှန်ဟုတ်မဟုတ်သိရှိနိုင်ရန်  စုံစမ်းစစ်ဆေးနေကြောင်း  သောင်ကြီး နယ်မြေရဲစခန်းမှ သတင်း ရရှိသည်။

 ‘‘တခြားအကြောင်းအရာ တော့ မရှိဘူး။ ယောက်ျားကို လည်း ဖမ်းထားစရာ မလိုဘူးလေ။  သေမှုသေခင်းပဲ  ဖွင့်ပေးထားတယ်’’ ဟု  အမှုစစ်ဆေးနေသူ ရဲအရာရှိတစ်ဦးက ပြောသည်။

Author: သန်းဌေး

7Day Daily

No comments:

Post a Comment