Saturday 15 March 2014

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်ကန့်ကွက်

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများတွင် တစ်ခုအပါအဝင် ဖြစ်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် ထုတ်ယူရေး ရေကာတာ စီမံကိန်းများ ရပ်ဆိုင်းရန် ဒေသခံများနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း ၁၃၀ ကျော်တို့က ကန့်ကွက် လိုက်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်ထံမှ သိရသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် ကွမ်းလုံ၊ နောင်ဖ၊ တာဆန်း၊ မိုင်းတုံရွာသစ်နှင့် ဟတ်ကြီး ရေကာတာ စီမံကိန်းများ တည်ဆောက်ရန် အကောင်အထည် ဖော်နေခြင်းကို ရပ်ဆိုင်းပေးရန်အတွက် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းရှိ ဒေသခံများနှင့် အဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ် ရေးထိုးကာ ကန့်ကွက်ခြင်း ဖြစ်ကြောင်း အဆိုပါ ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောသာဘိုးက ပြောကြားသည်။

ရေကာတာ စီမံကိန်းများ အကောင်အထည် ဖော်လိုက်ပါက မြစ်အောက်ပိုင်း ရေစီးနှုန်း၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပြီး ရေကာတာ ပြိုကျပါက ဒေသခံ ကျေးရွာများ ရေနစ်မြုပ်မှုနှင့် တွေ့ကြုံရနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ရေကာတာ စီမံကိန်းများကို မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်း ရင်းနှီးမြှုပ်နှံ၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅,၀၀၀ ခန့် ထုတ်ယူမည် ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လျှပ်စစ်ဓာတ်အား အဓိက တင်ပို့မည် ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

The Voice

No comments:

Post a Comment