Monday 3 February 2014

ယခုဘဏ္ဍာနှစ်တွင် ဟိုတယ်အခန်း ၁,၇၀၀ ကျော် တိုးလာမည်

၂၀၁၃ ခုနှစ်မှ စတင်ကာ နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာနိုင်ငံကိုနိုင်ငံတကာမှ စိတ်ဝင်စားလာသည်နှင့် အတူ မန္တလေးဒေသသို့ ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်များထက် များပြားလာမည်ဟု ခရီးသွား လုပ်ငန်းရှင်များက မျှော်မှန်းထား ကြပြီး ဟိုတယ်သစ် တည်ဆောက်ဖွင့်လှစ်မှု များပြားလာသဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း ဟိုတယ်အခန်းအရေအတွက် ၁,၇၀၀ ကျော် တိုးတက်လာမည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနစာရင်းများတွင် ဖေါ်ပြထားသည်။


“ခြောက်လအတွင်းမှာ ဟိုတယ်အသစ်တွေ အများကြီးတွေ့ရတယ်။ ငွေကြေးတတ် နိုင်တဲ့သူတွေက အခြား လုပ်ငန်းတွေထက် ဟိုတယ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလာတာကို တွေ့ရတယ်။ အဲဒါကတော့ မန္တလေးမြို့ရဲ့ ၂၀၁၃ခုနှစ် နောက်ပိုင်း ထူးခြားချက်ပါပဲ” ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးမြင့်က ဆိုသည်။

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအထိ မန္တလေးမြို့၌ ဟိုတယ်အလုံးရေ ၁၀၀ခန့်နှင့် အခန်းပေါင်း ၄၀၀၀ကျော်ခန့် ရှိပြီး ယင်းတို့အနက် ကြယ်လေးပွင့်အဆင့် ဟိုတယ်မှာ မန္တလေးမြို့တွင် နှစ်လုံးသာရှိသည်။ ယခုဘဏ္ဍာ နှစ်တွင် ထပ်မံဆောက်လုပ်ဆဲ ဟိုတယ်ပေါင်း ၂၅ လုံးနှင့် အခန်းပေါင်း ၁,၇၅၅ ခန်းကို တည်ဆောက် လျက်ရှိသည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနစာရင်းများ တွင် ဖေါ်ပြထား သည်။

မန္တလေးတိုင်း၏ ခရီးသွားလုပ်ငန်းသည် နောင်တွင် အလားအလာကောင်းသည့် လုပ်ငန်းတစ်ခုဖြစ် လာ နိုင်သည့်အတွက် အင်တိုက်အားတိုက် ဆောင်ရွက်သင့်သည်ဟုလည်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် က ဇန်န၀ါရီ ၃၀ ရက်က လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ပြောသည်။

“မန္တလေးရဲ့ခရီးသွားလုပ်ငန်းဟာ နောင်ရေရှည်မှာ တောက်လျှောက်လုပ်ငန်း ကိုင်ငန်းအနေနဲ့ အကောင်း ဆုံး လုပ်ငန်းတစ်ခုဖြစ်လာမှာမို့ အားပေးချီးမြှောက်မှုတွေ လုပ်ကြရမယ်” ဟု ဦးရဲမြင့်က ပြောသည်။

နောင်နှစ်အနည်းငယ်အတွင်း မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယ အသည်း နှလုံးနေရာတစ်ခုသဖွယ် ဖွံ့ဖြိုးလာမည် ဖြစ်သဖြင့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဇုန်များကို တိုးတက်အောင် အကောင်အထည် ဖော် ဖန်တီးနိုင်ရန် လိုအပ်ပြီး တိုင်းအတွင်းရှိ မန္တလေး၊ အင်းဝ၊ တံတားဦးနှင့် ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများသည် နှစ်အနည်းငယ်အတွင်း အပြိုင်းအရိုင်း ဖွံ့ဖြိုးလာမည့်ဒေသများ ဖြစ်သည့် အတွက် တိုင်းအတွင်း ဖွံ့ဖြိုးတိုး တက်စေရန်နှင့် ၀င်ငွေတိုးလာစေရန် ခရီးသွားလုပ်ငန်းကို အလေးပေး ဆောင်ရွက်သင့်သည်ဟုလည်း ဦးရဲမြင့်က ဆိုသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မန္တလေးဒေသသို့ နိုင်ငံခြားသားဧည့် ၀င်ရောက်မှုသည် ၃၈၀,၀၀၀ ကျော်ခဲ့ပြီး ထိုမှရရှိသောဝင်ငွေသည် FECဒေါ်လာ ၁၄၄သိန်းကျော် ရရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment