Monday 3 February 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ လေးဘီလီယံ အနည်းဆုံးဝင်ရန်တိုးမြှင့်လျာထား

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏလျာထားချက်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် လျှော့ချထားခြင်းမရှိဘဲ ကန်ဒေါ်လာ ငါးဘီလီယံအထိတိုးမြှင့်၍သာ လျာထားသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။


ဥပဒေကြမ်းပူးပေါင်းရေးကော်မတီ၏ ဇန်န၀ါရီ ၃၀ ရက်က ပြည်ထောင်စု လွှတ်တော်တွင်တင်သွင်းသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းဆိုင်ရာ အစီအရင်ခံစာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏ လျာထားချက်အား လျှော့ချထားသည်ဟု သုံးသပ်ထားခြင်းနှင့်စပ်လျဉ်း၍ မဇ္ဈိမ ၏ မေးမြန်း မှုကို ဦးအောင်နိုင်ဦးက ယင်းသို့ဖြေကြားခြင်း ဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “လာမည့်ဘဏ္ဍာနှစ် (၂၀၁၄-၂၀၁၅) အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ၀င်လာမယ့်လျာထားချက်ကို အနည်းဆုံး ဒေါ်လာလေးဘီလီယံနဲ့ အများဆုံး ဒေါ်လာငါးဘီလီ ယံလောက်အထိတိုးပြီးတော့လျာထားပါတယ်။ အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော် မှာတင်ပြသွားတဲ့ကိစ္စက ကျွန်တော်တို့ဝန်ကြီးဌာနကတင်တဲ့ ကိန်းဂဏန်းနဲ့ လွဲနေတဲ့အတွက် အဲဒါကို လည်း ပြန်ပြီးစိစစ်နေပါတယ်” ဟု ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ကျင်းပသော ၂၀၁၄ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပရေးဆိုင်ရာ မီဒီယာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့ တိုးမြှင့်လျာထားရာတွင် ၀င်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကုန်ထုတ်စက်မှုလုပ်ငန်း ကဏ္ဍ၌ အများဆုံးဖြစ်နိုင်ပြီး ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံး ၀င်ရောက်နိုင်သည်မှာ ဟိုတယ်ကဏ္ဍဖြစ် လာနိုင်ကြောင်း မျှော်မှန်းထားသည်ဟု မီဒီယာများကို ပြောသည်။

ဦးအောင်နိုင်ဦးက “ကျွန်တော်တို့ အနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံမှု တစ်နှစ်ပြီးတစ်နှစ်တိုးပြီးဝင်လာဖို့ပဲ လျာထား ပါတယ်။ အဲဒီအတွက်လဲ လိုအပ်တာတွေကို ပြင်ဆင်လုပ်နေတဲ့အတွက် တိုးပြီးဝင် လာအောင် ဆောင် ရွက်သွားမှာပါ” ဟု ပြောသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ၃ ဘီလီယံရှိလာရန် မျှော် မှန်းထားသည့်အနက် ဒီဇင်ဘာလအထိ စာရင်းဇယားများအရ မျှော်မှန်းချက်ပြည့်လုနီးပါးဖြစ်နေကာ ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏအားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကုန်ထုတ်စက်မှုလုပ်ငန်း တွင် ဖြစ်နေသည်ဟု ၎င်းကပြောသည်။

လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က“အခုချိန်မှာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နေတဲ့အချိန်ဆိုတော့ တိုးလာဖို့ပဲရှိပါတယ်။ ပြီးတော့ အထူးစီးပွားရေးဇုန်တွေ လုပ်နေတာကလဲ ရင်းနှီးမြှုပ်နှံမှုကဏ္ဍထဲကိုပဲဝင်သွားမှာဆိုတော့ ကိန်းဂဏန်းဘက်ကတော့ တိုးလာဖို့ပဲရှိ ပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

ဇန်န၀ါရီ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကိုသုံးသပ်သည့် ဥပဒေကြမ်းပူးပေါင်းရေးကော်မတီ၏ အစီရင်ခံစာတွင် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ငွေ ၅၃၆၀ ဒသမ ၄ ဘီလီယံ နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ကျပ်ငွေ ၃၈၈၁ ဒသမ ၆ ဘီလီယံ ရရှိရန်ခန့်မှန်းထားရာ လျာထားချက်လျော့နည်းနေကြောင်း တွေ့ရှိ ရသည်ဟု ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment