Sunday 1 December 2013

ရခိုင်ပါတီဥက္ကဋ္ဌ လာဘ်စားသည်ဟု စွပ်စွဲချက် ဥပဒေနှင့်အညီ တုံ့ပြန်မည်ဟု RNDP ထုတ်ပြန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် တရုတ်နိုင်ငံမှ လာဘ်ငွေ ရယူထား သည်ဟု စွပ်စွဲမှုကို ဥပဒေ နှင့်အညီ တုံ့ပြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း RNDP က နိုဝင်ဘာလ ၂၉ရက် နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်၊ စီးပွားရေး စစ်သံမှူးတို့ သုံးကြိမ် တွေ့ဆုံခဲ့ပြီး စီမံကိန်း လုပ်ငန်းများ၏ လာဘ်ငွေ စာရင်းများကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ ရယူကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မဟာမိတ်ခေါင်းဆောင် ဦးအေးသာအောင် နှင့် ဦးထွန်းညိုတို့ထံ ပေးအပ်သောကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ ဗဟိုကော်မတီ အားလုံး သိရှိပြီးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရှေ့နေ ဦးအောင်ကျော်စိန် က စွပ်စွဲထားခြင်း အပေါ် ၄င်းတို့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ စွပ်စွဲမှုသည် ဒေါက်တာအေးမောင်နှင့် ရခိုင်ပြည်သူ တစ်ရပ်လုံး၏ စည်းလုံး ညီညွတ်မှု ကို လျော့နည်းစေမည် ဖြစ်ကြောင်း RNDP ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တို့က ဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အတွက် လာဘ်ငွေယူသည့် ကိစ္စများနှင့် စွပ်စွဲမှုသည် လုံးဝ မဟုတ်မှန်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြန်လည် ရှင်းလင်း ပြောကြားသည်။

အဆိုပါကိစ္စသည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ကြားတွင် ပုတ်ခတ်သည့် ပုံစံ မျိုးသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တိုင်းရင်းသားများ အကြား သွေးကွဲမှု ဖြစ်စေနိုင်သည့် လုပ်ရပ်မျိုးကို ပြုလုပ်မည် မဟုတ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တရုတ်သံအမတ် များနှင့် တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးကိုသာ အဓိက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မလိုအပ်သော ကိစ္စရပ်များကို အချိန်ပေး လုပ်ဆောင်မှု မရှိခဲ့ကြောင်း ၄င်းက ထပ်လောင်းရှင်းပြသည်။

ထို့ပြင် ALD (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်) ပါတီမှ ဗဟိုကော်မတီဝင် တစ်ဦးသည် RNDP နှင့် သဘောတူညီမှု ရယူထားသော အချက်အလက် များကို ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် လှည့်လည် ဟောပြောနေသောကြောင့် အမျိုးသား သွေးစည်းညီညွတ်ရေး ကို သွေဖည်နေကြောင်း RNDP ကထုတ်ပြန်ထားသည်။

RNDP နှင့် ALD ပါတီတို့သည် နှစ်ပါတီ ပူးပေါင်းရေး သဘောတူညီချက် များကို အောက်တိုဘာလ ၆ ရက်နေ့က ရန်ကုန်မြို့တွင် အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သည်။

The Voice Weekly

No comments:

Post a Comment