Wednesday 25 December 2013

ဦးဝီရသူ သံတွဲမြို့သို့ တရားဟောကြွမည် လူမျိုးစုနှစ်ခု ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်ဟု ဆို

အောက်တိုဘာလတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခဖြစ်ပွားခဲ့သော သံတွဲမြို့သို့ မန္တလေးမြို့ မစိုးရိမ်ကျောင်း တိုက်ဆရာတော် ဦးဝီရသူက ငြိမ်းချမ်းရေးတရားဟောကြားရန် ကြွရောက်မည်ဟု ဦးဝီရသူက ဒီဇင်ဘာ ၂၅ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။
၁၅ ရက်ကြာမည့် မတ်လခရီးစဉ်တွင် သံတွဲမြို့သို့ အဓိက ကြွရောက်မည်ဖြစ်ပြီး အခြားမြို့ များသို့ ကြွရောက် ရန်လည်း ဦးဝီရသူအနေနှင့် ရည်ရွယ်ထားသည်။

“ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်တာကို လက်ခံပါတယ်။ မိမိဘာသာကို မိမိတန်ဖိုးထားသလို သူတစ်ပါးဘာသာကိုလည်း တန်ဖိုးထားရမယ်။ နောက်ထပ် ဘာသာရေးနဲ့ဆိုင်တဲ့ ပဋိပက္ခတွေ ထပ်မဖြစ်ပွားအောင် ငြိမ်းချမ်းရေးတရား သွားဟောမှာပါ”ဟု ဦးဝီရသူက မိန့်သည်။

ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော ဒုက္ခသည်များကို စားစရာနှင့် အ၀တ်အထည်များ လှူဒါန်း သွားမည်ဟုလည်း သိရပြီး ထိုသို့သွားရောက်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှု အဖွဲ့အစည်းများသို့ ကြိုတင်အသိပေးထားခြင်း မရှိသေးဟုလည်း ၎င်းက မိန့်ကြားသည်။

ဦးဝီရသူကို ၉၆၉ တရားများနှင့် မျိုးစောင့်တရားများ ဟောကြားသည့် ဆရာတော်အဖြစ် လူသိများသည်။ ဦးဝီရသူသည် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဒိုင်မွန်းဦးရွှေကြည်နှင့် ဘာသာရေးဆိုင်ရာ ချစ်ကြည်ရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းအကြား အောင်မြင်မှု ရရှိခဲ့သည်ဟုလည်း ဆိုထားသည်။

ဦးဝီရသူ သံတွဲမြို့သို့ တရားဟော ကြွရောက်ရန် အစီအစဉ်နှင့်ပတ်သက်ပြီး သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက လုံခြုံရေးနှင့်ပတ်သက်ပြီး စီစဉ်ထားရန်မရှိသေးဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့က လာမယ်ဆိုတာမသိသေးဘူး၊ တရားပွဲဖြစ်ရင်တော့ လုပ်လေ့လုပ်ထရှိတဲ့အတိုင်း လုံခြုံရေးပေးမှာပေါ့၊ အထွေအထူး စီစဉ်ထားတာတော့ မရှိပါဘူး”ဟု ဆိုသည်။ လက်ရှိတွင် သံတွဲဒေသ အခြေ အနေမှာ တည်ငြိမ်လျက်ရှိပြီး စီးပွားလုပ်ငန်းများကိုလည်း ပြန်လည်လည်ပတ် လုပ်ကိုင်လျက်ရှိသည်။

ဆရာတော် ဦးဝီရသူ တရားဟောကြားရန်နှင့်ပတ်သက်ပြီး သံတွဲမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက “အခုက အေးချမ်းနေပြီလေ၊ အခြားဆရာတော်တွေရဲ့ တရားပွဲတွေလည်း လုပ်ဖြစ်တယ် တရားပွဲလာလုပ်မယ်ဆိုရင်လည်း ကြိုဆိုပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

သံတွဲမြို့နယ်တွင် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သံတွဲမြို့ နှစ်ဖက် အဖွဲ့ အစည်းမှ လူခုနစ်ဦး သေဆုံးကာ အိမ်ထောင်စုပေါင်း ၁၁၂ စု မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၄၈၇ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့သည်။

Mizzima

No comments:

Post a Comment