Sunday 3 November 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

I.3.11
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ဘုံသဘောထား ရပ်တည်ချက် ၁၁ ချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်ကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်ခဲ့သော လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် ထိုဘုံသဘောထား ရပ်တည်ချက်များကို ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းက ထုတ်ပြန်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ ကွန်ဖရင့် ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထား ရပ်တည်ချက်ကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ထုတ်ပြန်ထားသည့် မူကြမ်းနှင့် မည်မျှ ကွာခြားသည်ဆိုသော အချက်မှာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အပစ်ရပ်စဲ စာချုပ်လက်မှတ်ထိုးရန် ချမှတ် ထားသည့် အချက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုံသဘောတူညီချက်သည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) က ရေးဆွဲခဲ့ပြီး KNU နှင့် RCSS  အဖွဲ့တို့က အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့က ပြင်ဆင် ရေးဆွဲထားသော မူကြမ်းနှင့် နီးစပ်မှု ရှိကြောင်း သိရသည်။ အစိုးရမူကြမ်းမှ ပယ်လိုက်သည့် အချက်များမှာ ကော်မတီအဆင့်ဆင့် ဖွဲ့ခြင်းနှင့် အခြေအနေများကို သမ္မတဦးဆောင်သော ဗဟိုအဖွဲ့သို့ သတင်းပို့ရေး ကိစ္စများပါဝင်   .       .       .
"အားလုံး ထုတ်ပြန်မလား၊ မထုတ်ပြန်ဘူးလား ဆိုတာ အခုကျွန်တော်တို့က အခြေခံ မူဘောင်လောက်ပဲ ချမှတ်ထားတာ ရှိပါသေးတယ်။ အသေးစိတ် ရေးဆွဲပြီးတော့ ကျွန်တော်တို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ပြီးတော့လုပ်ဖို့ ရှိပါတယ်။ ပြီးတော့ တစ်ခုအနေနဲ့ အရေးကြီးတာက ကျွန်တော်တို့ လုပ်ထားတဲ့ မူသဘောတူညီချက်ထဲမှာ နံပါတ်သုံးမှာ ဘာပါလဲဆိုတော့ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံဆိုတာ ပါပါတယ်။ အဲဒီ နိုင်ငံရေး လမ်းပြမြေပုံမှာ အရင်တုန်းက ကျွန်တော်တို့ လက်ခံနေကျ အစိုးရဘက်ကပေါ့။ MPC ဘက်က တင်ထားတာနဲ့ နည်းနည်း အသစ်ပြင်တာက ဟိုအရင်တုန်းက အပစ်အခတ် ရပ်စဲပြီးမှ framework ကို သဘောတူမယ် ဆိုတဲ့ဟာ ပါပါတယ်။ သို့သော် အခုကျွန်တော်တို့ သဘောတူထားတဲ့ မူဘောင်ထဲမှာတော့ နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲ အသေအချာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ထုတ်ပြတဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ရုံနဲ့ မလုံလောက်ဘူး။ နိုင်ငံရေး ဆွေးနွေးပွဲရှိကို ရှိရမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ အလေးအနက်ထားတဲ့ အနေနဲ့ ကျွန်တော်တို့ အဲဒီနိုင်ငံရေး လမ်းပြမြေပုံ ခြောက်ဆင့်ထဲမှာ နံပါတ်နှစ်အနေနဲ့ အားလုံးပါဝင်သော အမျိုးသားအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာကိစ္စကို သဘောတူညီခြင်း ရယူရမယ်။ အဲဒီလို အရင်ရယူပြီးမှ ဒုတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ချမှတ်ထားပါတယ်။ ဆိုတော့ ကျန်တဲ့အပိုင်းကတော့ သူတို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းဖို့ရှိတယ်။ တူသလား၊ မတူဘူးလား ဆိုတာကတော့ ခုန ကျွန်တော်ထုတ်ပြတဲ့ အချက်က အင်မတန်မှ အရေးကြီးတဲ့အချက်။ အရင်တုန်းက ကျွန်တော်တို့ WGEC တင်ထားတာကို အစိုးရနဲ့ အဓိက မတူတဲ့အချက်က အဲဒါပဲ ဖြစ်ပါတယ်လို့ ကျွန်တော် ရှင်းပြချင်ပါတယ်"ဟု ဆွေးနွေးပွဲအပြီး နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ချင်းအမျိုးသား တပ်ဦး(CNF) ၏ အဓိပတိ ကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက The Daily Eleven ၏ မေးခွန်းကို ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ ပါသည်။
တရားဝင် ဖြန့်ဝေခဲ့ခြင်းမရှိသော ဘုံသဘောထား ရပ်တည်ချက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် အခြေခံမူများ၊ ရည်ရွယ်ချက်၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြမြေပုံ ချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ကျင်းပရန် ကတိပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်း သည့် ဆောင်ရွက်ရမည့် အချက်များ၊ ဆွေးနွေးရေးကာလ အစီအမံများ၊ လက်မှတ် ရေးထိုးခြင်းနှင့် အတည်ပြုခြင်း၊ အထွေထွေ အစရှိသည်တို့ ပါဝင်ကြောင်း စုံစမ်းသိရှိရပါသည်။
N-3-11
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲအပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များအား တစ်စု တစ်စည်းတည်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ထို့အပြင် နိုင်ငံရေး ဆွေးနွေးရန်အတွက် အချိန်သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီး လုပ်ဆောင်နိုင်ရန် သတ်မှတ်ထားကြောင်းနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အပြီးရေးကာ နောက်ထပ် ရက်ပေါင်း ၆၀ တွင် နိုင်ငံရေး ဆွေးနွေးပွဲ အပြီးသတ်ရန် ရေးဆွဲထားကြောင်း သိရသည်။
  
တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထား ရပ်တည်ချက်ကို RCSS/SSA က လက်မှတ် မရေးထိုးသည့် အကြောင်းရင်းမှာ သဘောထား ကွဲမှုကြောင့်မဟုတ်ဘဲ လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သည့် အတွက်ကြောင့်သာ ဖြစ်ကြောင်း UNFC ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"တကယ်တော့ သဘောမတူလို့ မထိုးနိုင်တာ မဟုတ်ပါဘူး။ အားလုံးသဘောတူတယ် ။ ကန့်ကွက်စရာလည်း မရှိဘူး။ RCSS ရဲ့ ချမှတ်ထားတဲ့ မူတွေနဲ့လည်း တစ်သွေမတိမ်း ဖြစ်ပါတယ်။ အခု တက်ရောက်လာတဲ့  RCSS ခေါင်းဆောင်တွေဟာ သူ့ရဲ့ ဥက္ကဋ္ဌနဲ့ အဆက်အသွယ်ပြတ်နေတော့ အဆင်သင့် မဖြစ်သေးတဲ့အတွက် ခဏ ဆိုင်းငံ့ထားတာပါ"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါသည်။
  
RCSS/SSA ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှ ကမူ ယခုသဘောတူညီချက်ကို မကြာမီက ဖွဲ့စည်းခဲ့သော ရှမ်းပြည် ညီညွတ်ရေးလုပ်ငန်း ကော်မတီသဘောထားကို ရယူရန် လိုအပ်သောကြောင့် လက်မှတ် မထိုးရခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ပြောကြားသည်။
  
O-3-11
RCSS/SSA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှအား လက်မှတ်ထိုးပွဲ အခမ်းအနားတွင် တွေ့ရစဉ်
"ဒီအစည်းအဝေးကနေ ကျလာတဲ့ ဘုံသဘော တူညီချက်ကို ကျွန်တော်တို့က လက်မခံလို့လည်း မဟုတ်ပါဘူး။ ဒီလက်မှတ်ထိုးဖို့အတွက် ဗဟိုရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ရှမ်းပြည်သားတွေရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ ရယူဖို့ လိုအပ်တဲ့ အတွက်ကြောင့် လက်မှတ်မထိုးနိုင်သေးတာပဲ ဖြစ်ပါတယ်ခင်ဗျ။ ဗဟိုကို ကျွန်တော်တင်ပြပါတယ်။ ဗဟိုက ပြောလာတာက ဗဟိုကော်မတီရဲ့ဆုံးဖြတ်ချက်ကို ရယူရမှာဖြစ်သလို ကျွန်တော်တို့ ရှမ်းပြည် ညီညွတ်ရေး လုပ်ငန်းကော်မတီရဲ့ သဘောထားကိုလည်း ရယူရမှာ လိုအပ်တဲ့အတွက် လက်မှတ်မထိုးရခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်က တိုင်းရင်းသားအားလုံးရဲ့ ရည်မှန်းချက်နဲ့ တန်းတူ ဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောကြားခဲ့ပါသည်။
  
လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည့် အဖွဲ့များမှာ ရခိုင်တပ်မတော်(AA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊  ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ "၀" အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ဖြစ်ကြပါသည်။ ဘုံသဘောတူညီချက်ကို သက်သေများအဖြစ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် ဥရောပ-မြန်မာရုံး(EBO) မှ ဒါရိုက်တာ ဦးဟန်ညောင်ဝေတို့က လက်မှတ် ရေးထိုးခဲ့ကြသည်။ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
Eleven

No comments:

Post a Comment