Sunday 10 November 2013

ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်မှစ၍ ပိတ်ပင်ခဲ့သည့် တက္ကသိုလ် အဆောင်နေခွင့် ရရှိစေရန် သက်ဆိုင်ရာသို့ တင်ပြထား

D.10.11
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန် စက်မှုတက္ကသိုလ် ၀င်းအတွင်းမှ အဆောင်တစ်ခုအား တွေ့ရစဉ်
ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက် ၁၉၉၆ ခုနှစ်မှ စတင်ပြီး ကျောင်းသားများ စုစည်းနေထိုင်ခွင့် ရခဲ့သည့်တက္ကသိုလ်များ အဆောင်နေခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) နှင့် မန္တလေး နည်းပညာတက္ကသိုလ် (MTU) တို့တွင် ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင် တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရန် အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီမှ သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။
"ရန်ကုန်နဲ့ မန္တလေး နည်းပညာတက္ကသိုလ်တွေကို နယ်အသီးသီးကနေ သက်ဆိုင်ရာ တက္ကသိုလ် တည်ရှိရာ နေရာဒေသတွေမှာ ကျောင်းလာတက်ရတဲ့အခါ ဆွေမျိုးမရှိရင် တည်းခိုဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဒါ့ကြောင့် နုနယ်တဲ့ ကလေးတွေ အထူးသဖြင့် ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား ကျောင်းသူတွေအတွက် အဆောင်နေထိုင်ခွင့် ရရှိဖို့ကို အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီကနေ သက်ဆိုင်ရာကို တင်ပြထားပါတယ်"ဟု အဆင့်မြင့် နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီဥက္ကဋ္ဌသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး (ငြိမ်း) ဦးညီလှငယ်က ဆိုပါသည်။        
နည်းပညာတက္ကသိုလ် အပါအ၀င် ၁၉၉၀ ခုနှစ် ၀န်းကျင်နောက်ပိုင်း အသစ်ဆောက်လုပ်ခဲ့သည့် တက္ကသိုလ်ကျောင်းများ၏ တည်နေရာမှာ မြို့နှင့်ဝေးသည့် အရပ်များတွင် ဆောက်လုပ်ခဲ့သည့် အတွက် ကျောင်းတက်ရာတွင် သွားရေးလာရေး ခက်ခဲခြင်း၊ ကျောင်းသားများ ငွေအကုန်အကျ  ပိုများခြင်း၊ လမ်းခရီးတစ်လျှောက် ပင်ပန်းသည့်အတွက် လူပန်းသဖြင့် အိမ်တွင်စာကြည့်ရန် စိတ်မ၀င်စား ဖြစ်ရခြင်း၊ ကျောင်းပြေးခြင်း၊ စည်းကမ်းပျက်ခြင်း၊ ကျူရှင်ကို အားကိုးကြရခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အတွက် ကျောင်းသား ကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရေး အစီအစဉ်အား သက်ဆိုင်ရာသို့ တင်ပြရခြင်းဖြစ်ပြီး သက်ဆိုင်ရာမှလည်း ခွင့်ပြုနိုင်ဖွယ် ရှိနေကြောင်း သိရသည်။            
အလားတူ ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များတွင် ယခုပညာသင်နှစ်မှ စတင်ကာ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည့် ထူးချွန်ကျောင်းသား ကျောင်းသူများအတွက်လည်း အဆောင်နေထိုင်ခွင့်ပြုမည့် အစီအစဉ်များ ရှိနေသည်ဟုလည်း သိရပြီး ကျောင်းဝင်ခွင့် စိစစ်ပြီးပါက အဆိုပါ ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။            
"၁၉၉၀ ခုနှစ် နောက်ပိုင်းကျတော့ တက္ကသိုလ်အသစ်တွေ ထပ်ဆောက်လိုက်ကြတယ်။ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်တွေလိုမျိုး တက္ကသိုလ်တွေကို မြို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ ထပ်ဆောက်လာကြတယ်။  အဲဒီအတွက် ခုနောက်ပိုင်း ကလေးတွေဟာ ကျောင်းသွားချိန်၊ အသွားအပြန်ချိန်တွေနဲ့တင် အချိန် အရမ်းကုန်နေကြတယ်။ ကျောင်းရောက်တဲ့ အချိန်မှာလည်း စာကိုမယ်မယ်ရရ မသင်ကြဘူး။ ကျောင်းတွေမှာလည်း စာကြည့်တိုက်တွေ၊ ကျောင်းသား လှုပ်ရှားမှုတွေကိုလည်း အရင်တုန်းကလို မထားရှိပေးကြတော့ ကျောင်းသားတွေမှာ ထွက်ပေါက် မရှိကြတော့တဲ့အတွက် မလိုလားအပ်တဲ့ ထွက်ပေါက်မျိုးတွေ ရှာလာကြတယ်။ အခုခေတ် တက္ကသိုလ် ကျောင်းသားကလေးတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အဖြစ်မျိုးတွေ ဖြစ်နေကြတာတွေ ရှိလာကြတယ်။ ဖြစ်နိုင်ရင် မြို့နယ်အလှမ်းဝေးတဲ့ ကျောင်းတွေတိုင်းမှာ ကျောင်းသားတွေအတွက် အဆောင်တွေ ပြန်ထားပေးနိုင်မယ်ဆိုရင် အခုလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေကို တားဆီးနိုင်မယ်လို့ ထင်ပါတယ်"ဟု မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦး က ပြောကြားသည်။
U-10-11
ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရန်ကုန်စက်မှုတက္ကသိုလ် ၀င်းအတွင်းမှ အဆောင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)
ပဲခူးဆောင်တွင် နေထိုင်ခွင့်ရခဲ့သည့် မြန်မာစာ အဓိက ကျောင်းသားဟောင်း ဦးကျော်ထင်က "ကျောင်းတက်တယ်ဆိုတာ အဆောင်နေမှ တက္ကသိုလ် ကျောင်းသားဘ၀ ပီပြင်တာပါ။ Day တက်တဲ့လူနဲ့ အဆောင်နေတဲ့ ကျောင်းသားနဲ့ ဘ၀မတူဘူး။ နယ်ပေါင်းစုံကလာတဲ့ လူတွေအားလုံးက အဆောင်တွေမှာ စုံကြတယ်။ ဒါကြောင့် အစိုးရက ကောင်းတယ်၊ ဆိုးတယ်၊ မှန်တယ်၊ မှားတယ် ဆိုတာအားလုံးကို အဆောင်နေ ကျောင်းသားတွေ သိကြတယ်။ ရှင်းရှင်းပြောရရင် အဆောင်နေ ကျောင်းသားတွေက အစိုးရကို ပိုပြဿနာရှာကြတယ်။ ဒါကြောင့်လည်း အစိုးရက တက္ကသိုလ်တွေကို အဝေးကြီး ပို့လိုက်ပြီး အဆောင်တွေလည်း မထားတော့ဘူး။ တက္ကသိုလ်ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရမည်၊ အစိုးရက ဘယ်သူတွေ အဆောင်နေ၊ ဘယ်သူတွေ မနေနဲ့လို့ သတ်မှတ်တာကိုက အဓိပ္ပာယ်မရှိဘူး။" ဟု ဖြေကြားခဲ့သည်။
၁၉၈၇ ခုနှစ်က ငွေစက္ကူများ သိမ်းဆည်းလိုက်သဖြင့် အဆောင်နေ ကျောင်းသားများမှ စတင်ကာ ဆန္ဒပြခဲ့သောကြောင့် ကျောင်းသားများအား မီးရထားစီးလုံးဖြင့် နေရပ်များအား ပြန်လည်ပို့ဆောင်ခဲ့ရပြီး ၁၉၈၈၊ မတ်လတွင် စတင် ဖြစ်ပွားသည့် ဖုန်းမော် အရေးအခင်းတွင်လည်း စက်မှုတက္ကသိုလ် အဆောင်များမှ စတင်ဖြစ်ပွားခဲ့သည်။  
ထို့နောက် ၁၉၉၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားများ ဆန္ဒပြပွဲနောက်ပိုင်းတွင် ပညာရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် တက္ကသိုလ် ကျောင်းများအား လူသူမနီးသည့် နေရာများသို့ ပို့ဆောင်လိုက်ပြီး အဆောင်နေခွင့်ကိုလည်း ပိတ်ပင်လိုက်သဖြင့် ကျောင်းသားများ နေထိုင်ရေး ခက်ခဲကာ ရပ်ကွက်များထဲတွင် ဖြစ် သလို နေထိုင်ခဲ့ ရသဖြင့် လူမှုရေး ပြဿနာများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ကျောင်းများနှင့် ပတ်သက်၍ ယင်းကဲ့သို့ လုပ်ဆောင်ခဲ့သူ ယခင်ပညာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ကျောင်းသားများကို နှိမ်နင်းခဲ့သည့် ဦးနေ၀င်း၏ လက်ရင်းတပည့်တစ်ဦး ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းကလည်း အဆောင်နေခဲ့ပါတယ်။ အဲဒီတုန်းက အဆောင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ Life ဟာ ဘာနဲ့မှ လဲလို့မရပါဘူး။ တက္ကသိုလ် ကျောင်းတွေ နဲ့ တက္ကသိုလ် ကျောင်းသားတွေရဲ့ဘ၀တွေကို ဖျက်ဆီးခဲ့သူဟာ သမိုင်းရဲ့ တရားခံ ဖြစ်ပါလိမ့်မယ်"ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့သည်။

Eleven

No comments:

Post a Comment