Sunday 10 November 2013

လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

T-10-11
စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ရှင်းလင်းပြောကြားနေစဉ်
လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း နာခံလိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တွင် စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
လျှပ်စစ်ဓာတ်အားခ နှုန်းထားများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်မှ ပြန်လည်သုံးသပ်ရန် တင်ပြလာသည့်အတွက် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က ဓာတ်အားခ နှုန်းထားအား ဒီလောက်ပဲ တက်သင့်သည်ဆိုလျှင် ဒီလောက်ပဲ တက်မည်ဖြစ်ပြီး ဒီလောက်ပဲ လုပ်ဆိုလျှင် လုပ်ဖို့အသင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
"ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က မြို့နယ် ၂၅ ခုလောက်မှာ ရှင်းပြပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပြည်သူ့အသံကို အမြဲနားထောင်ပါတယ်။ ဓာတ်အားခနဲ့ ပတ်သက်လို့ ပြည်ထောင်စု လွှတ်တော်က သုံးသပ်ဖို့ ပြောတဲ့အတွက် ဒီမှာတော့ ကျွန်တော် ဒီလောက်ပဲပြောပြီး ပြည်ထောင်စု လွှတ်တော်ကျမှ ပြောမှာဖြစ်ပါတယ်။ စက်မှုဇုန်တွေကိုလည်း အခက်အခဲရှိရင် ဆိုင်းပေးဖို့အတွက် ကျွန်တော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ချပြဆွေးနွေး ချင်တာက ပြည်ထောင်စု လွှတ်တော်က ဒါပဲလုပ်ဆိုရင် လုပ်ဖို့အဆင်သင့်ပဲ။ ဒီလောက်ပဲတက်ဆိုရင် ဒီလောက်ပဲ တက်သွား မှာ ဖြစ် ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက စက်မှုဇုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ရာတွင် ပြောကြား ခဲ့သည်။
"ကျွန်တော်တို့ အနေနဲ့ အမှန်အတိုင်း ပြောချင်တာက ပြည်သူတွေ ၂၄ နာရီ လျှပ်စစ်ဆိုတာကို မသိစေချင်ပါဘူး။ ဆိုလိုတာက မီးထွန်းလိုက်ရင် မီးခလုတ် နှိပ်လိုက်ရင် မီးလာနေရမယ်။ လျှပ်စစ်ဆိုတာကို မေ့သွားတဲ့ အဆင့်ထိ လုပ်ပေးချင်ပါတယ်။ ဒါတွေလုပ်ဖို့ ငွေအလုံအလောက်ရှိဖို့ လိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယင်းသို့ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုများအပြီး ရန်ကုန်မြို့ရှိ စက်မှုဇုန် လုပ်ငန်းရှင်များမှ ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ခြင်းအပေါ် ၎င်းတို့၏ အခက်အခဲနှင့် အမြင်များကို ဆွေးနွေးပြော ကြားခဲ့ပြီး လျှပ်စစ်ဓာတ်အားခ တိုးခြင်းအား အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ပေးထားမည် ဆိုပါက အဆင်ပြေနိုင်ကြောင်း၊ စက်မှုဇုန်များအတွက် တစ်ယူနစ်လျှင် ကျပ် ၁၅၀ တိုးမည်ဆိုပါက သံရည်ကျို လုပ်ငန်းများအတွက် အဆင်မပြေကြောင်း၊ မဖြစ်မနေ တက်မည်ဆိုပါက တစ်ယူနစ်လျှင် ကျပ် ၁၀၀ အထိလောက်သာ သတ်မှတ်ရန်၊ ထို့ပြင် လျှပ်စစ်ဓာတ်အားခများအား ယူနစ်ဘယ်လောက် ကျော်လွန်ပါက ဘယ်ဈေးနှုန်းစ သည်ဖြင့် သတ်မှတ်ပေးမည့်အစား သုံးသမျှ ယူနစ်အားလုံးကို သင့်တင့်သည့် ဈေးနှုန်းတစ်ခုတည်းဖြင့် ကောက်ခံပေးရေးတို့ကို တင်ပြဆွေးနွေးမှုများ ရှိခဲ့သည်။
လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က "လျှပ်စစ်ဓာတ်အားခနဲ့ ပတ်သက်ပြီး အချိန် အတိုင်း အတာ တစ်ခုထိ ဆိုင်းပေးမယ်ဆိုရင် လုပ်လို့ရပါတယ်" ဟု တင်ပြဆွေးနွေးခဲ့သည်။
ယင်းသို့ တင်ပြဆွေးနွေးမှုများအပေါ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက "ဒါနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ခွင့် မရှိပါဘူး။ မရှိဘူး ဆိုတာကလည်း အထက်မှာ အစိုးရအဖွဲ့ ရှိတယ်။ အစိုးရအဖွဲ့က ဒါကို ဒီလိုလုပ်ပေးလိုက်ဆိုရင် လုပ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက် ထပ် ရေအားလျှပ်စစ်တွေ တိုးထုတ်လာနိုင်မယ် ဆိုရင်တော့ ဓာတ်အားခတွေ လျော့ သွားမှာပေါ့။ စက်မှုဇုန်တွေကိုလည်း အလွှာလိုက် ဘယ်လိုလုပ်သင့်သလဲဆိုတာ ပြန်စဉ်းစားပြီး တင်ပြပေးသွား ပါမယ်။ နောက်ဆုံးပြောချင် တာက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ အပေါ်မှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ဆိုသည်။

Eleven

No comments:

Post a Comment