Sunday 17 November 2013

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေးပွဲကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

T-17-11
NLD ပါတီ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲသို့ လူထု ၂၀၀၀၀ ကျော် တက်ရောက်ခဲ့စဉ်
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးပွဲကို သက်ဆိုင်ရာမှ တားမြစ်မှု ပြုလုပ် ခဲ့သော် လည်း နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Daily Eleven သို့ ပြောကြား သည်။
အဆိုပါ ဟောပြောပွဲအား နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှ ကျေးရွာတွင် ပြုလုပ်ရန် သက်ဆိုင်ရာသို့ လျှောက်ထားခဲ့သော်လည်း သတ်မှတ်ချက်များ မပြည့်စုံသဖြင့် ကျင်းပခွင့် မပြုနိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးညီဝင်းမှ လက်မှတ်ထိုး၍ ငြင်းပယ်သည့် အမိန့်အား ပေးပို့ခဲ့သည်။
"အန်ကယ်တို့က ဆက်လုပ်မှာပါပဲ။ အခုတော့ သွားပြီးညှိနှိုင်းတာတွေ လုပ်နေပါတယ်။ သူတို့ပေးတဲ့ ဆင်ခြေက အဓိပ္ပာယ်မှ မရှိတာဘဲ။ နေပြည်တော် ကောင်စီရုံးနားနီးလို့ မလုပ်စေချင်တာပါ။ အန်ကယ်တို့ ကတော့ ဆက်လုပ်မှာပဲ" ဟု ဦးဝင်းထိန်က The Daily Eleven ၏ ဆက်သွယ်မေးမြန်း ချက်ကို ဖြေ ကြားသည်။
ထိုသို့ ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှ ဟောပြောပွဲနှင့် ပတ်သက်၍ အကြောင်းကြားစာ ပေးပို့ရာတွင် ဦးဇာနည်လင်း အတွင်းရေးမှူး ကျင်းပရေး ဦးစီးကော်မတီမှ ဦးဆောင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်၊ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့် တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာနှင့် ပတ်သက်၍ ဟောပြောဆွေးနွေး မည် ဖြစ်သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုပါရန် လျှောက်ထားလာမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုဝေးခွင့်ပြုရန် လျှောက်ထားခြင်း ပုံစံ (၁)ပါအတိုင်း အချက်အလက်များ ပြည့်စုံစွာ မပါရှိခြင်း၊ ကျင်းပမည့် နေရာသည် ပျဉ်းမနား-တောင်ညိုသွား ကားလမ်းဘေးဖြစ်ပြီး ကျင်းပမည့်ရက်သည် ရုံးဖွင့်ရက်ဖြစ်သည့် တနင်္လာနေ့ဖြစ်ခြင်း၊ နေပြည်တော် ကောင်စီရုံးနှင့် ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများ၊ ဌာနဆိုင်ရာရုံးများ၊ တရားရုံးများနှင့် နီးကပ်စွာ ရှိနေခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်း ဟု ပြန် ကြားထားသည်။
ထို့အပြင် ဟောပြောပွဲ ကျင်းပမည့် အချိန်သည် ရုံးသွားရုံးလာ၊ အများပြည်သူများ သွားလာမှုများသည့် အချိန် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ဖြစ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆ မှုများ ဖြစ်ပွား လာနိုင်ခြင်း၊ လုံခြုံရေးတာဝန် ထမ်းဆောင်ရမည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း အခက်အခဲ ရှိနိုင်ခြင်းတို့ကြောင့် ခွင့်မပြုနိုင်ကြောင်း အကြောင်းကြားခဲ့သည်။
သို့ရာတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ပုံစံ(၁)အရ အချက်အလက်များ ပြည့် စုံစွာ ပြန် လည်လျှောက်ထားရန်နှင့် အခြားသင့်တော်မည့်နေရာ ပြောင်းရွှေ့လျှောက်ထားပါက ဥပဒေနှင့်အညီ ခွင့်ပြုမည်ဟု အကြောင်းကြားစာ၌ ပါရှိသည်။
ယင်းသို့ ဟောပြောခွင့်အား ငြင်းပယ်သည့်အမိန့်နှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ဥပဒေနှင့်အညီ တင်ပြပြီးဖြစ်၍ ဟောပြောပွဲများကို ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးသို့ လိပ်မူ၍ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးဇာနည်လင်းက လက်မှတ်ရေးထိုး၍ အကြောင်းပြန်ကြားခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၆ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေ အရာရှိ တို့နှင့် တွေ့ဆုံ၍ ပွဲကျင်းပခွင့် ငြင်းပယ်မိန့်အား ပယ်ဖျက်ပေးရန် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဥတ္တရသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။
"အခု ညှိနှိုင်းတိုင်ပင်တာတော့ ခွင့်ပြုတဲ့အဆင့် ရောက်သွားပါပြီ။ မကြာခင်မှာ တရားဝင် ထုတ်ပြန်မှာပါ။ အန်ကယ်ဦးဝင်းထိန် အပါအ၀င် ကျွန်တော်တို့ ၀ိုင်းပြီးတော့မှ လက်ရှိအနေအထားကိုပဲ ဆက်လက်ဆောင်ရွက်သွားပေးဖို့ လက်ရှိတရားဝင် ထုတ်ပြန်ထားတဲ့ အမိန့်ကို ပယ်ဖျက်သွားတော့မယ်လေ။ အခု တရားဝင် စာထုတ်ပေးဖို့ကို ကိုဇာနည်လင်းစောင့်ပြီး ကျန်ခဲ့ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြော ကြားသည်။
အလားတူ နိုဝင်ဘာ ၁၆ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာန၏ facebook စာမျက်နှတွင် နေပြည်တော်၌ ပြုလုပ်မည့် လူထုဆန္ဒ ရယူရေးပွဲနှင့် ပတ်သက်၍ "လူထုဟောပြောပွဲ ကျင်းပရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေ အောင်မြင်သွားပြီ ဖြစ်ပါသည်။ မူလ သတ်မှတ်ထားသော နေ့ရက်အချိန်နေရာအတိုင်း ဆက်လက်ကျင်းပခွင့် ရရှိသွားပြီဖြစ်ကြောင်း" ဟု ဖော်ပြထားသည်။

Eleven

No comments:

Post a Comment