Saturday 2 November 2013

နိုင်ငံရေး ဆွေးနွေးပွဲအတွက် အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အားလုံးပါဝင်သော ပူးတွဲကော်မတီဖြင့် လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ စီစဉ်

နိုင်ငံရေး ဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အစိုးရနှင့် တစ်ဖွဲ့ချင်းစီအလိုက် ဆွေးနွေးဆုံးဖြတ်မည် မဟုတ်ဘဲ အဖွဲ့ဝင်အားလုံး ပါဝင်သော ပူးတွဲကော်မတီဖြင့်သာ လုပ်ဆောင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက စီစဉ်နေကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရေး ကိစ္စကို နိုဝင်ဘာ ၁ ရက်တွင် ပြုလုပ်သည့် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်မတီ ဖွဲ့စည်းရေး ကိစ္စရပ်ကို ဆွေးနွေးပွဲ တတိယနေ့တွင် ရေးဆွဲခဲ့သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားတွင်လည်း ထည့်သွင်းရေးဆွဲ ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကော်မတီ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တစ်ဖွဲ့ချင်းစီ အလိုက် အစိုးရက ခေါ်ယူတွေ့ဆုံ ဆွေးနွေးသည့် ကိစ္စရပ်မှာ အကျုံးဝင်တော့မည် မဟုတ်ဘဲ အားလုံးပါဝင်သော ကော်မတီကသာ ဆုံးဖြတ်ချက် ပေးနိုင်မည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
''သဘောတူကြောင်းကို အတည်ပြု လက်မှတ်ထိုးတဲ့ အထိတော့ ကျွန်တော်တို့ စဉ်းစားထားတယ်။ အဲဒီလို လက်မှတ်ရေးထိုး လိုက်မှ တစ်ဖွဲ့၊ နှစ်ဖွဲ့တို့ သက်သက်သွားတာတို့၊ နေပြည်တော်ကို နှစ်ဖွဲ့၊ သုံးဖွဲ့သွားပြန်ပြီ၊ ရန်ကုန်ကို သွားပြန်ပြီ ဆိုတာမဖြစ်တော့ဘူး။ စုစည်းပြီးတော့ တာဝန်ပေးတဲ့သူပဲ ဒီ ၁၈ ဖွဲ့က ဘယ်သူတွေကို တာဝန်ပေးလဲ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအဖွဲ့ကပဲ လုပ်တော့မယ်'' ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

အဲဒီလို လက်မှတ်ရေးထိုး လိုက်မှ တစ်ဖွဲ့၊ နှစ်ဖွဲ့တို့ သက်သက်သွားတာတို့၊ နေပြည်တော်ကို နှစ်ဖွဲ့၊ သုံးဖွဲ့သွားပြန်ပြီ၊ ရန်ကုန်ကို သွားပြန်ပြီ ဆိုတာမဖြစ်တော့ဘူး။ စုစည်းပြီးတော့ တာဝန်ပေးတဲ့သူပဲ ဒီ ၁၈ ဖွဲ့က ဘယ်သူတွေကို တာဝန်ပေးလဲ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအဖွဲ့ကပဲ လုပ်တော့မယ်...
နိုင်ငံရေးဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်များ၏ ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းမည့်ကိစ္စကို တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားတွင် ထည့်သွင်းထားပြီး ထိုကော်မတီ၏ ပုံစံသည် တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပူးပေါင်းဆောင်ရွက်ရေးအပြင် အဆုံးအဖြတ် ပေးနိုင်သည့် ထိပ်သီးကော်မတီ ပုံစံမျိုးဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို ဦးဆောင်ရေးဆွဲခဲ့သော ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး လိုအပ်သည့် အချက်များကို တိုင်းရင်းသား အဖွဲ့များ၏ ဘုံသဘောထား အနေဖြင့် ပူးပေါင်းရေးဆွဲခဲ့ပြီး ထိုသဘောထား များထဲတွင် အပစ်အခတ် ရပ်စဲရေး ကိစ္စသာမက နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ ကိစ္စရပ်များကိုပင် ထည့်သွင်းထားသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အချိန်တစ်ရက်တိုးပြီး ပြု လုပ်ရန် နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တတိယနေ့တွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပရန် သတ်မှတ် ထားသော်လည်း သတ်မှတ်ရက်အတွင်း ပြီးပြတ်နိုင်ခြင်း မရှိသောကြောင့် အချိန် တစ်ရက် တိုးပြီး နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Eleven

No comments:

Post a Comment