Tuesday 12 November 2013

နိုင်ငံရေး အကျဉ်းသားဟောင်းများကို အစိုးရ ထောက်ပံ့ရန် ဒေါ်အောင်ဆန်း စုကြည်မှတစ်ဆင့် တောင်းဆိုမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လွတ်မြောက်လာ သည့် နိုင်ငံရေး အကျဉ်းသားဟောင်း များကို ကူညီ ထောက်ပံ့ပေးရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း နိုင် ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဦးဇော်ထွဋ်ခေါင် က ပြော ကြား သည်။

နိုင်ငံရေး အကျဉ်းသားများကို အစိုးရက ကူညီထောက်ပံ့ရေး မြန်မာ ဂျာနယ်လစ်ကွန်ရက် MJN ရုံးခန်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြော ကြားခြင်း ဖြစ်သည်။

လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများနှင့် မိသားစုဝင်များကို အစိုးရက ကော်မတီတစ်ရပ် ဖွဲ့၍ ကူညီ ထောက်ပံ့ရန် ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဆင့် လွှတ်တော်၌ အဆိုတစ်ရပ် တင်သွင်းနိုင် ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဦးဇော်ထွဋ်ခေါင်က ရှင်းပြသည်။
“ဒေါ်အောင်ဆန်းစုကြည်လည်း တစ်ချိန်က နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့တာဆိုတော့ သူလုပ်ပေးနိုင် မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် နိုင်ငံရေး အကျဉ်းသားများကို ကာကွယ်ပေးနိုင်သော ဥပဒေ ပြဋ္ဌာန်းရန်အတွက် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသော လွှတ်တော် ကိုယ်စားလှယ်များက အကူအညီပေးရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများကို အကာအကွယ် ပေးမည့် ဥပဒေများ ပြဋ္ဌာန်းရေးနှင့် ကူညီထောက်ပံ့ရေး ကော်မတီ ဖွဲ့စည်းရေးသည် နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွင် လိုအပ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က မှတ်ချက်ပြုသည်။
“အဆိုတင်သွင်းဖို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားတော့ မသိပါဘူး။ လုပ်သင့်တဲ့ အကြောင်းအရာ တစ်ခုပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကော်မတီ ဖွဲ့စည်းရေး လွှတ်တော်၌ အဆို တင်သွင်းနိုင်လျှင် နိုင်ငံရေး အကျဉ်းသားများအပေါ် အစိုးရ၏ တာဝန်ယူမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားကို သိရှိနိုင် မည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးထွန်းကြည်က ဖွင့်ဟသည်။

လွှတ်တော်သို့ ယင်းကိစ္စကို အဆိုတင်သွင်းရန်အတွက် ဆန္ဒပြုလက်မှတ်များ ကောက်ခံနေပြီး နိုင်ငံရေး အကျဉ်းသား ၈၀၀ ဦးကျော်က လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများ အင်အားစုထံမှ သိရသည်။

အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေး အကျဉ်းသားများကို (၁၂) ကြိမ် လွှတ်ပေးခဲ့ရာ အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက် ခဲ့သော်လည်း အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် မိသားစုဝင်များကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တို့က ကူညီထောက်ပံ့ပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment