Thursday 24 October 2013

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးကြောင်း ဗြိတိန် ပြောကြား

O.24.10.2013
ဗြိတိန်မင်းသားချားစ်၊ ဇနီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:AFP)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး အခြေအနေများကို ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်၊ ဖွံ့ဖြိုးရေး ၀န်ကြီး ဂျက်စတင်းဂရင်းနင်းတို့နှင့် လန်ဒန်မြို့၌ အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိတ်က"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲမှုတွေ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးတယ်ဆိုတာကို ကျွန်တော်နဲ့ ၀န်ကြီးချုပ် တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောတူခဲ့ပါတယ်။ ဒါမှလည်း ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျ အပြည့်အ၀ ဖြစ်နိုင်မှာပါ။ မြန်မာပြည်သူတွေ အနေနဲ့လည်း သူတို့ရဲ့ အနာဂတ် ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်မှာပါ"ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မင်းသား ချားစ်နှင့်လည်း လန်ဒန်မြို့ရှိ ကလဲရန့် အိမ်တော် တွင် အောက် တိုဘာ ၂၃ ရက် မွန်းလွဲ ပိုင်းက ၄၅ မိနစ်ခန့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။         
ဒေါ်အောင်ဆန်းစုကြည်သည် လူဇင်ဘတ်၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ပြီးနောက် ဗြိတိန်သို့ အောက်တိုဘာ ၂၂ ရက်က ရောက်ရှိလာခဲ့ပြီး ငါးရက်ကြာ နေထိုင်မည်ဖြစ်ကာ တော်ဝင် စစ်တက္ကသိုလ် Sandhurst ၌ မိန့်ခွန်း ပြောကြားခြင်းနှင့် ဗိုလ်လောင်းများ လေ့ကျင့် သင်ကြားနေ မှုကို လေ့လာခြင်း၊ မြောက်အိုင်ယာလန်သို့ သွားရောက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား လေ့လာခြင်း တို့ကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အနာဂတ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက် မှုသည် နိုင်ငံတကာ ဥပဒေများကို လေးစားလိုက်နာသည့်၊ တာဝန်ခံသည့် ခေတ်မီ တပ်မတော် ဖန်တီးရေး ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟမ်းမော့တ်က ပြောကြားသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်မှ အီတလီသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။

Eleven

No comments:

Post a Comment