Thursday 17 October 2013

ပွဲလမ်းသဘင်၊ ရှိုးပွဲများ ပြုလုပ်ခွင့်ကို လုံခြုံရေး အခြေအနေအပေါ် မူတည်၍ ခွင့်ပြုမည်

I.17.10.2013
Ruby Mart Shopping Centre တွင် လုံခြုံရေး စစ်ဆေးနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ -  အောင်ရဲကို )
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခုနှစ် ပွင့်လင်းရာသီတွင် ပွဲလမ်းသဘင်များ ကျင်းပမှု၊ ရှိုးပွဲများ၊ အခမ်းအနားများနှင့် ဆက်စပ်ပွဲများ ပြုလုပ်ခွင့်ကို လုံခြုံရေး အခြေအနေပေါ် မူတည်၍ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ယင်းကဲ့သို့ ပွဲလမ်းသဘင်များ၊ ရှိုးပွဲများ၊ အခမ်းအနားပွဲများ ပြုလုပ်လိုပါက ယခင်ခွင့်ပြုရန် တင်ပြနေသည့်အတိုင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
ပွဲပြုလုပ်ခွင့် တောင်းခံရာတွင် ပြုလုပ်မည့် အကြောင်းအရာ၊ မည်သည့်နေရာတွင် ပြုလုပ်မည်၊ လူအင်အား မည်မျှပါဝင်မည်၊ ဦးစီးပြုလုပ်သူ၏ နာမည်နှင့် အချက်အလက်များ၊ ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်အချက် စသည့် အချက်အလက်များဖြင့် တင်ပြရမည် ဖြစ်ကြောင်း သိရှိရသည်။
"အရင်ပွဲလုပ်ခွင့် အမိန့်တင်တဲ့အတိုင်းပဲ အချက်အလက်တွေကို ရေးသား ဖြည့်စွက်ပြီးတော့ ကိုယ်လုပ်လိုတဲ့ မြို့နယ်တွေမှာ တင်ပြ တောင်းခံရပါမယ်။ အခုအချိန်ထိတော့ ထပ်မံပြီး ကန့်သတ်ထားတဲ့ အချက်အလက်တွေ မရှိသေးဘူး။ ခွင့်ပြုချက်ပေးဖို့၊ မပေးဖို့ကတော့ လုံခြုံရေး အခြေအနေပေါ်မှာ မူတည်ပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်  နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

Eleven

No comments:

Post a Comment