Sunday 14 July 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄) နံနက် သွားရောက်မည်

uthiensein-july14
ယခုနှစ်မတ်လက သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံ ခရီးစဉ်အတွင်း သမ္မ တဦးသိန်းစိန်အား သြစတြီးယား သမ္မတက ကြိုဆိုနေစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်ပိုင်းတွင်
သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးထံမှ စုံစမ်းသိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနှင့် ပြင်သစ် သမ္မတနိုင်ငံသမ္မတ မစ္စတာ ဖရန်ဆွာအိုလောန်ဒ်တို့၏ ဖိတ်ကြားချက်အရ မကြာမီ ကာလအတွင်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ တရားဝင်ခရီး သွားရောက်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသို့ ပထမဆုံး သွားရောက်မည် ဖြစ်သည်ဟု ဇူလိုင် ၁၁ ရက်က နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၈ ရက်အတွင်းကလည်း ဥရောပနိုင်ငံများဖြစ်သည့် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယခုဒုတိယအကြိမ် ဗြိတိန်နှင့် ပြင်သစ်ခရီးစဉ်တွင် စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့်ကဏ္ဍများနှင့် ပတ်သက်ပြီး ဘက်ပေါင်းစုံမှ အောင်မြင်သော သမိုင်း မှတ်တိုင်သစ် စိုက်ထူနိုင်မည့် ခရီးစဉ် ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
သမိုင်းအစဉ်အလာအရ ဗြိတိန်နှင့် မြန်မာနိုင်ငံတို့သည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အေးစက်စက် ဖြစ်နေခဲ့ပြီး သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားအစိုးရအဖွဲ့ တာဝန်ယူပြီး နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို အသိအမှတ်ပြု ထောက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၅ ရက်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀ီလျံဟိဂ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်အစိုးရ၏ ဒုတိယမြောက်အဖြစ် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ် ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများကို စတင်အကောင်အထည် ဖော်နေမှုကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် တိုးတက်ကောင်းမွန် လာသလို အဆိုပါ နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ် ထားသော အရေးယူ ပိတ်ဆို့မှုများကိုလည်း တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။
ထို့ပြင် အဆိုပါနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများသည်လည်း မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်ခဲ့ကြပြီး မြန်မာအစိုးရ အဖွဲ့မှ သမ္မတဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

From...EMG

No comments:

Post a Comment