Saturday 13 July 2013

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေး

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက် လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး အကျဉ်းထောင် အသီးသီး မှ ပြစ်ဒဏ် လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးကို ဇူလိုင် ၁၁ ရက်က မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။
လွှဲပြောင်းပေးလိုက် သူများမှာ မလေးရှားသို့ လှေစီးပြီး တရားမ၀င်သွားရာတွင် မြန်မာနိုင်ငံထဲ၌ ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလားဒေရှ့် နိုင်ငံသား ဘင်္ဂါလီ အမျိုးသား ၇၅ ဦး ဖြစ်ကြောင်းနှင့် အဆိုပါ လွှဲပြောင်းခြင်းအား လက်ခံရန်အတွက် မောင်တောနယ်စပ်ရှိ ဒေ၀ါနဒီခန်းမတွင် နှစ်နိုင်ငံ အလံတင် အစည်း အဝေး (Deputy Director & Commanding Officer Level Flag Meeting) ပြုလုပ်ကာ လွှဲပြောင်း လက်ခံ ခဲ့ကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ မောင်တောခရိုင် လ၀က မှူး ဦးစောနိုင်နှင့် အဖွဲ့ဝင် ရှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ တက္ကနက်ဖ် အခြေစိုက် အမှတ်(၄၂) နယ်ခြားစောင့် တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး Md Zahid Hasan နှင့် အဖွဲ့ဝင် ရှစ်ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
''ဒီတစ်ကြိမ်ကတော့ နှစ်နိုင်ငံ အရာရှိတွေ ညှိနှိုင်း အစည်းအဝေးလုပ်ပြီး တရားဝင် လွှဲပြောင်းပေး ခဲ့တာ ဖြစ်ပါ တယ်။ သူတို့ဘက်ကလည်း သေသေချာချာ စိစစ်လက်ခံသွားပါတယ်'' ဟု မောင်တောခရိုင် လ၀ကမှူး ဦးစောနိုင်က ပြောကြားသည်။
ပြစ်ဒဏ်လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို မောင်တောနယ်စပ် အမှတ် (၁) ၀င်ထွက်စခန်းမှ စက်လှေ များဖြင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်ကျရောက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက် သူများကို ပြစ်ဒဏ်မှ လွတ်မြောက်လျှင် ယခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားဝင် လက်ခံမှုများ မရှိခဲ့ ဘဲ ပြည်နှင်ဒဏ်သာ ပေးလိုက်ရကြောင်း သိရသည်။ ယခုလွှဲပြောင်းခဲ့သူ ဘင်္ဂါလီများမှာ အနယ်နယ် အရပ်ရပ်မှ ဖြစ်ကြပြီး ထိုအထဲတွင် မြန်မာနှင့် နယ်နိမိတ်ချင်း ကပ်နေသော ကောစ်ဘာဇား ခရိုင်မှ ၅၇ ဦး ပါဝင်ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment