Monday 3 June 2013

မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ယခုအချိန်ထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

6.2.10
သမ္မတဦးသိန်းစိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်သမ၀ါယမ အသင်းသားများအား ဇွန် ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် တွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်)
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ကောင်းများရှိသော်လည်း ယခုအချိန်အထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေဆဲ ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမ၌ ဇွန် ၂ ရက် နံနက် ၈ နာရီက ပြုလုပ် ခဲ့သော ကျေး လက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာ၌ ၎င်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ''ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေခံကောင်းတွေ များစွာရှိပါတယ်။ နိုင်ငံအကျယ်အ၀န်းနဲ့ လူဦးရေ သင့်တင့် မျှတစွာရှိခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးမြေ အလုံအလောက်ရှိခြင်း၊ လုပ်သားများ အပြည့်အ၀ရှိခြင်း၊ သစ်တော၊ သား၊ ငါး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသဖြင့် အရင်းအမြစ်တွေ ပေါကြွယ်ဝခြင်း ရှိပေမယ့်လည်း ဒီကနေ့အထိ ဆင်းရဲမွဲတေတဲ့ (LDC) နိုင်ငံ ဖြစ်နေဆဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် သမ္မတက ဆက်လက်၍ အဆင်းရဲဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်စေရန် အားလုံးဝိုင်းဝန်း ကြိုးစားရမည်ဖြစ်ပြီး ယခု လောလောဆယ်တွင် ဆင်းရဲမွဲတေမှု လျော့ချရန် ဦးစားပေး ဆောင် ရွက်နေကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အသေးစား ချေးငွေလုပ်ငန်းမှာ အရေးပါကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ထောက်ပံ့ငွေ၊ ချေးငွေ အကူအညီများကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့သော တောင်သူလယ်သမားများ အတွက်လည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။


ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အသေးစားချေးငွေလုပ်ငန်းမှာ အရေးပါကြောင်း၊ အစိုးရအနေဖြင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ထောက်ပံ့ငွေ၊ ချေးငွေ အကူအညီ များကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့သော တောင်သူလယ်သမားများ အတွက်လည်း ဥပဒေနှင့်အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြား...


ဆင်းရဲမွဲတေမှု လျော့ချရန် လုပ်ငန်းစဉ် နှစ်ရပ် စီမံကိန်း ရေးဆွဲခဲ့ပြီး ၎င်းလုပ်ငန်းစဉ် နှစ်ရပ်မှာ ပုဂ္ဂလိ က ငွေချေးလုပ်ငန်းများ၊ ငွေစုလုပ်ငန်းများ စသဖြင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ဆောင် ရွက်နေခြင်း ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။

သမ္မတဦးသိန်းစိန်က ကျေးလက်နေ လူဦးရေမှာ ၇၀ ရာခိုင်နှုန်းရှိပြီး ထိုကျေးလက်နေ ပြည်သူများ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် Micro Finance ဟုခေါ်သော အသေးစား ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။

ထို့နောက် သမ္မတဦးသိန်းစိန်က ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာ ခိုင်နှုန်းအထိ လျော့ချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း ပြောကြားခဲ့သည်။

သို့သော် ပြည်သူများ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် အရင်းအနှီးမရှိ၊ မလုံလောက်သည့်အတွက် အတိုးနှုန်း ကြီးမြင့်စွာနှင့် ပြင်ပတွင် ချေးငွေ ရယူ ဆောင်ရွက် ရသည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ် မရရှိဘဲ မတည်ရင်းနှီးငွေ အခက်အခဲများကြားတွင် သံသရာလည်လျက် ရှိနေကြကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ၀န်ခံပြောကြားသွားသည်။
6.2.11
သမ္မတ ဦးသိန်းစိန်အား ကြိုဆိုနေသူများကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း ၀င်းအတွင်း၌ ဇွန် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - သက်မျိုးမင်း)
တိုင်းပြည်စီးပွားရေးကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ရန်ဆိုပါက သမ၀ါယမ အသင်းများကို အဆင့်တိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ အဆင့်တိုးမြှင့်ရာတွင် ငွေအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပြီး ကုန်ထုတ်လုပ်မှု သမ၀ါယမ အသင်းများ အဖြစ် လည်းကောင်း၊ ကုန်သွယ်မှုသမ၀ါယမ အသင်းများအဖြစ် လည်းကောင်း၊ စက်မှုလယ်ယာ သမ၀ါယမ အသင်းများ အဖြစ်လည်းကောင်း စသည်ဖြင့် တက်လှမ်းနိုင်ရန် ကြိုးစားရမည်ဟုလည်း ထည့်သွင်း ပြောကြားသည်။

သမ္မတဦးသိန်းစိန်က ယခင်ခေတ်မှ သမ၀ါယမစနစ် ကောင်းမွေ၊ ဆိုးမွေများကို သင်ခန်းစာယူကာ အစိုးရအနေနှင့် သမ၀ါယမစနစ် အောင်မြင်အောင် ကြိုးပမ်းသွားမည်ဟု ဆိုသော်လည်း ယခင်သမ၀ါယမ စနစ်အား ကိုယ်တွေ့ခံစားခဲ့ရသူများက ပွင့်လင်း မြင်သာမှုသာ မရှိပါက မည်သို့မျှ အောင်မြင်နိုင်ရန် မရှိကြောင်း ဝေဖန်ပြောကြားမှုများ ရှိနေသည်။

ယခင် သမ၀ါယမ စနစ်အား ကိုယ်တွေ့ကြုံခဲ့ရသည့် စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုစိုးထွန်းက ''အရင်ခေတ်က သမ၀ါယမ ဆိုင်တွေက ဘာမှ ပွင့်လင်း မြင်သာမှုမရှိဘူး။ အသင်းဝင်တွေက ဘာမှ ပြောဆို ဝေဖန်ပိုင်ခွင့်၊ အကြံပေးပိုင်ခွင့်လည်း မရှိဘူး။ တစ်နှစ်တစ်ခါ သူတို့ခေါ်တဲ့ အစည်းအဝေးတွေမှာ သွားပြီးတော့ ထောက်ခံပါတယ်လို့ သုံးကြိမ်အော်ပေးလိုက်ရင် အသင်းဝင်တာဝန် ကျေသွားပြီ။ သမ၀ါယမရဲ့ အဓိပ္ပါယ်ကို သေချာမသိရဘူး။ သမဆိုင်ဆိုတာ ဆန်၊ ဆီ၊ ဆပ်ပြာပေးတဲ့ နေရာလို့ပဲ အကြမ်းဖျင်း နားလည်တယ်။ အဲဒီတုန်းက ရတဲ့ဆန်တွေက ဆန်ကွဲတစ်ဝက်၊ ဆန်တစ်ဝက်နဲ့။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ဆန်ရွေးဖို့အတွက် ရွေးကောက်ပွဲ လုပ်မယ်ဆိုပြီး စပါးလုံးတွေ၊ ကြွက်ချေး၊ ဆန်ကွဲတွေ အားလုံး ၀ိုင်းရွေးလိုက်ရင် ဆန်က တစ်ဝက်ပဲ ကျန်တော့တယ်။ ဆန်ကောင်းတွေကတော့ ဥက္ကဋ္ဌအိမ် ရောက်သွားလေ့ရှိတယ်။ အခုလည်း အဲလိုမျိုးသာ ဖြစ်နေမယ် ဆိုရင်တော့ အောင်မြင်စရာ အကြောင်းမရှိဘူး'' ဟု ပြောကြားသည်။

သမ္မတ ဦးသိန်းစိန် သုဝဏ္ဏ မိုးလုံ လေလုံ အားကစားခန်းမ၌ မိန့်ခွန်းပြောကြားနေစဉ်နှင့် အပြန်လမ်းတစ်လျှောက်တွင် သုဝဏ္ဏဘောလုံးကွင်း ၀င်းအတွင်း၌ သင်္ဃန်းကျွန်း မိကျောင်းကန် ရပ်ကွက်နှင့် မရမ်းကုန်းမြို့နယ်မှ မြေသိမ်းခံရသူများက 'နောက်ကြောင်းပြန်လှည့်သူတွေကို အရေးယူမယ်ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ ချမ်းသာပါစေ'၊ 'အားလုံး ကောင်းပါတယ်ဆိုပြီး သမ္မတကြီးကို လိမ်နေတဲ့သူတွေကို အရေးယူပေးပါ' စသည့် ကြွေးကြော်သံများဖြင့် ကြိုဆို ဆန္ဒပြခဲ့ကြသည်။
ELEVEN

No comments:

Post a Comment