Thursday 13 June 2013

အလုပ်မှ ရပ်စဲခံရသည့် ဇေယျဝတီ ဆင်ဖြူတော် သကြားစက်မှ ဝန်ထမ်းများ ခရိုင်ဝန်ကြီးဌာနကို တိုင်မည်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ရှိ ကျော်သာကုမ္ပဏီ လိမိတက်ပိုင်ဆင်ဖြူတော် သကြား စက်ရုံမှ ဝန်ထမ်းအချို့ အလုပ်မှရပ်စဲခံရခြင်း၊ အထုင်ဖြင့်ထားရှိခြင်း (အလုပ်မလုပ်ရဘဲ ရှိခြင်း) တို့အတွက် ခရိုင် အလုပ်သမား ဝန်ကြီးဌာနသို့ အချက် ၁၅ ချက်ဖြင့် တောင်းဆိုတိုင်ကြားမည်ဖြစ်သည်ဟု ဇွန်လ ၁ဝ ရက်က သိရသည်။

ယင်းအလုပ်သမားများအား ယခုနှစ် မေလ ၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်ပြီး အလုပ်မှ ရပ်စဲခံရသူ ၃၂ ဦးနှင့် အထိုင်အနေဖြင့် ထားရှိသူ ဝန်ထမ်း ၅၄ ဦးရှိပြီး ယင်းတို့က ကျေနပ်မှုမရှိသဖြင့် တိုင်ကြားခြင်းဖြစ် သည်။ အဆိုပါ အလုပ်သမားများအတွက် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ စည်းရုံးရေးမှူး ဒေါ်စုမာက လာရောက်ကူညီခဲ့ပြီး နောက်ပိုင်းတွင် အလုပ်သမားသမဂ္ဂအဖွဲ့များလည်း ဖွဲ့စည်း သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

တောင်းဆို တိုင်ကြားမှုတွင် အဓိကအချက်များအဖြစ် အလုပ်မှရပ်စဲခံရသူ အလုပ်သမား ၃၂ ဦး အလုပ်ရရှိ ရေး၊ အထိုင်အဖြစ် ထားရှိသူ အလုပ် သမား ၅၄ ဦး ဘဝအာမခံချက် ရရှိရေး၊ ဝန်ထမ်းအားလုံး လိုင်းခန်း မဖယ်ရှားရရေး၊ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ ဝန်ထမ်းများအတွက် ရှားပါးစရိတ်အဖြစ် တစ်ဦးလျှင် ကျပ် ၂၅,ဝဝဝ ရရှိရေးတို့ ပါဝင်သည်။

ယင်းစက်ရုံမှ အထိုင်ဝန်ထမ်းအဖြစ် သတ်မှတ်ခံရသူ ဦးစောသန်းဌေးက "ကျွန်တော်တို့မိသားစုမှာ စားသောက်ရေးအတွက် ဒုက္ခရောက်နေ ပါတယ်။ မေလ ၁ ရက်ကစပြီး အထိုင်စာရင်းထဲမှာပါပြီး အလုပ်လည်း မဆင်းရပါ။ တစ်လပြည့်ပေမယ့် ဘာထောက်ပံ့ကြေးမှ မရပါဘူး။ လစာလည်း မရပါဘူး။ ဒီနေ့အထိ (ဇွန်လ ၁ဝ) ဘာမှ ရပိုင်ခွင့်မရပါဘူး" ဟု ပြောသည်။
Mizzima News

No comments:

Post a Comment