Saturday 27 April 2013

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိ

(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးကို ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ဆွေးနွေးသည်။ အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင် ဘန်ဒါဆရီ ဘီဂါဝန် မြို့တော်ကို လာရောက်လည်ပတ်ခွင့်ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို
အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း။ ဤထိပ်သီး အစည်းအဝေး၌ မိမိတို့အနေဖြင့် ဘရူနိုင်းနိုင်ငံ၏ ''မိမိအနာဂတ်အတွက် အတူတကွ ပေါင်းစည်းကြမယ့် မိမိတို့၏ ပြည်သူများ'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံ အသိုက်အဝန်း ထူထောင် မှုတွင် ပြည်သူ များ၏ အခန်းကဏ္ဍနှင့် ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံ၏ အနာဂတ် မျှော်မှန်းချက် တို့ကို လေးလေး နက်နက် ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း။ အဆွေတော် ဘုရင်မင်းမြတ် ၏ ခေါင်းဆောင်မှုအောက်၌ အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိမည်ဟု မိမိတို့ အပြည့်အဝ ယုံကြည်ပါကြောင်း၊ ဘရူနိုင်းနိုင်ငံ၏ ခေါင်းဆောင်မှုအောက်၌ ချမှတ်သွားမည့် အာဆီယံ ဆုံးဖြတ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးကိုလည်း မိမိတို့အနေဖြင့် အာဆီယံနိုင်ငံများနှင့် အတူ ဆောင်ရွက်သွားပါမည်ဟု ကတိပြု ပြောကြားလိုပါကြောင်း။ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာလီယောင်မင်၏ သစ်လွင်ပြီး ဆန်းသစ်သည့် အစီအမံများကို ကြိုဆိုပါကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်၏ အာဆီယံ အသိုက်အဝန်း ထူထောင်မှုနှင့် ၂ဝ၁၅ ခုနှစ်လွန် အတွေးအမြင်များ ကိုလည်း ထောက်ခံပါကြောင်း။ အာဆီယံနိုင်ငံများ အနေဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့ခြင်း၊ အလယ် အလတ်နှင့် အသေးစားလုပ်ငန်းများ တိုးတက်ထွန်းကားခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ အပြန်အလှန် ရွှေ့ပြောင်းနိုင်ခြင်းဖြင့် အာဆီယံ နိုင်ငံများအတွင်း ထုတ်လုပ်မှု စွမ်းအားစုများ ခွဲဝေအသုံးချ မှုကို စွမ်းဆောင်ရည် ပြည့်ဝအောင် ဆောင်ရွက်ပေးစေနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းအားကို တိုးတက်စေမည် ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း ထူထောင်မှု၌ ၇၅ ရာခိုင်နှုန်းမျှ ပြီးစီးအောင်မြင်ခဲ့ပြီ ဆိုသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။ မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် ပတ်သက်၍ ရည်မှန်းချက်များ ပြည့်မီရေးကို ဦးတည်ဆောင်ရွက်နေပြီး ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ကြရန်ကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ၏ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။ အစည်းအဝေးအပြီးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများသည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် သုံးဆောင်ကြသည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
From...ခေတ်လူငယ်

No comments:

Post a Comment